မော်လမြိုင် စက်တင်ဘာ (၁၄)

 မွန်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေး အလုံးရေ တစ်သိန်းကျော်ကို ထပ်မံထိုးနှံပေးသွားမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ကာကွယ်ဆေးတွေအား မြို့နယ်အားလုံးကို ဖြန့်ဝေပေးထားပြီး စက်တင်ဘာလ(၁၅)ရက်နေ့မှာ စတင်ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။

အခုတစ်ကြိမ် ထိုးနှံပေးရာမှာ သတ်မှတ်ထားတဲ့ လူအုပ်စုတွေအပြင် အသက် (၅၅)နှစ်ကနေ (၆၄)နှစ်အတွင်း ရှိသူတွေ ၊ မသန်စွမ်းတွေ နဲ့ နာတာရှည်ရောဂါခံစားရသူတွေကိုပါ ထိုးနှံပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

“ပြီးခဲ့တဲ့လ ကာကွယ်ဆေးထိုးတုန်းက ကာကွယ်ဆေးထိုးမယ့်စုရပ်က (၄) နေရာဘဲ သတ်မှတ်ပြီးထိုးနှံပေးခဲ့ပါတယ်။ အခုအကြိမ်မှာတော့ စုရပ် (၁၆) နေရာအထိ လျာထားသတ်မှတ်ပြီးတော့ ထိုးနှံပေးသွားမှာဖြစ်ပါတယ်”လို့ ကျန်းမာရေးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ကာကွယ်ဆေး ထိုးနှံရမယ့် လူဦးရေ(၁၇၀၀၀၀၀) ကျော်ရှိပြီး အဲ့ဒီအထဲက လူဦးရေ (၁၅၀၀၀၀)ခန့်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားပြီး ဖြစ်တယ်လို့ ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ (၁၃)ရက်နေ့အထိ စာရင်းတွေအရတော့ ပြည်နယ်တဝှမ်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၁၃၀၀၀)ကျော်ရှိပြီး သေဆုံးသူကတော့ (၁၀၀၀)ကျော် ရှိပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.