ဘီးလင်း ၊ စက်တင်ဘာ (၁၄)

တော်လှန်ရေးကို အမည်ခံပြီး ပြည်သူတွေဆီမှ ငွေကြေးလိမ်လည်ကောက်ခံတာတွေ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ စနစ်တကျ စိစစ်ပြီးမှ အလှူငွေထည့်ဝင်ပေးဖို့ ဘီးလင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

လူ့တချို့က အဖွဲ့အစည်းနာမည်ခံပြီး အလှူငွေကောက်ခံတာတွေ ပြုလုပ်ခဲ့ပေမယ့် ထောက်ပံ့မှုတွေဟာ မြေပြင်မှာ ဆောင်ရွက်နေသူတွေဆီ မရောက်ခဲ့ဘူးလို့ ဆိုပါတယ်။

“အချို့သော အဖွဲ့အစည်းတွေ နာမည်ခံ အလှူ ရှင်တွေက တော်လှန်ရေးအဖွဲ့တွေထံကို  ရိက္ခာတွေပိုပေးနေတယ်လို့ ပြောနေပေမယ့် တကယ်တန်းကျတော့မရောက်လာဘူး။ ကြားထဲကနေ ဖြတ်စားတာတွေရှိနေတယ်။ အချို့နေရာတွေမှာဆိုလည်း တော်လှန်ရေးအင်အားစုနာမည်ခံပြ လိမ်လည်အလှူ ခံနေတာတွေရှိတယ်။ တစ်ချို့ဆို တစ်ခါဖောက်ခွဲရင် ဘယ်လောက်ဆိုပြီး ငွေကြေးတောင်းတာတွေရှိတယ်။ NUG ဆီကစီးဆင်းလာတဲ့ ငွေဆိုရင်လည်း ဘယ်သူကိုင်လို့ ကိုင်မှန်းမသိဘဲ တော်လှန်ရေးအဖွဲ့တွေဆီမရောက်ဘဲ ကြားထဲမှာ ပျောက်နေတယ်”လို့ Belin Revolution Organization အဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အတူ PDF တပ်ဖွဲ့တွေမှာ ဘဏ္ဍာငွေပြတ်လပ်ပြီး စားဝတ်နေရေး အခက်အခဲတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် လက်နက်အင်အားတွေလည်း မပြည့်စုံနေလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ထောက်ပံ့ပေးဖို့ကိုလည်း PDF တွေက မျှော်လင့်နေကြပါတယ်။

မွန်ပြည်နယ်မှာတော့ မြို့နယ်အလိုက် PDF တပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေကို နည်းလမ်းမျိုးစုံနှင့် တိုက်ခိုက်နေကြပါတယ်။

စစ်ကောင်စီရဲ့ ရုံးဌာနတွေကို ဖောက်ခွဲတာတွေ အပါအဝင် သတင်းပေးတွေနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအား လုပ်ကြံသတ်ဖြတ်တာတွေကို ယခုလပိုင်းမှာ PDF တွေက ခပ်စိတ်စိတ် လုပ်ဆောင်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.