မော်လမြိုင်၊ စက်တင်ဘာ ၁၃
အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ အစိုးရဌာနဆိုင်ရာရုံးတွေမှာ CCTV တွေကို မဖြစ်မနေတပ်ဆင်ဖို့ ညွှန်ကြားနေတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
PDF တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနအချို့ကို ဗုံးခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို ညွှန်ကြားချက်တွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
” ရုံးလုံခြုံရေးနဲ့ ဝန်ထမ်းလုံခြုံရေးအတွက် တပ်ဆင်တာပါပဲ၊ မသင်္ကာစရာလူတွေ့ရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့၊ ကြိုတင်ကာကွယ်တဲ့ သဘောမျိုးပဲ၊ ဝန်ကြီးဌာနတစ်ခုနဲ့တစ်ခုက ညွှန်ကြားတဲ့ အချိန်က မတူကြတော့၊ တချို့ဆို တပ်ပြီးတဲ့ ဌာနတွေလဲရှိတယ်ပေါ့၊ တချို့ကျတော့ ဒီလထဲ အပြီးတပ်ဆင်ဖို့လဲရှိတယ်” ရုံးတက်နေတဲ့ ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါပေမယ့် CCTV ကင်မရာတပ်ဆင်မှု ဝန်ဆောင်မှုပေးသူတွေကတော့ အလုပ်လက်ခံဖို့ ငြင်းဆိုတာကြောင့် ဌာနဆိုင်ရာတွေက အခက်တွေ့နေတယ်လို့ ဆိုပါတယ်။
” ဆားဗစ်ပေးတဲ့သူတွေကို ခေါ်မရဖြစ်နေတာ၊ သူတို့ကို သွားခေါ်တော့ မအားဘူးပဲ ငြင်းတာ၊ မလုပ်တော့ဘူး။ သူတို့က လာမလုပ်ပေးချင်ကြဘူး၊ နိုင်ငံအခြေအနေကြောင့်လို့ပဲ ထင်တယ်။ဌာနတိုင်းနီးပါးပဲ”လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စစ်ကောင်စီကို တိုက်ခိုက်တော့မယ်လို့ တရားဝင်ကြေညာပြီးနောက် နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် PDF တွေက စစ်ကောင်စီ၏ဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်တဲ့ စစ်တပ်ပိုင် MYTEL ကုမ္ပဏီက တာဝါတိုင်တွေကိုလည်း ဗုံးခွဲဖျက်ဆီးခဲ့ကြတာ တိုင်(၇၀)ကျော်ပြီး ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်