ဘန်ကောက်၊ စက်တင်ဘာ ၃

ကြာသပတေးနေ့က ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာက ကိုဗစ် ၁၉ ကပ်ဘေးနှင့် ကာကွယ်ဆေးမူဝါဒအပေါ် အစိုးရ၏ ကိုင်တွယ် ဖြေရှင်းမှုနှင့် ပတ်သက်ပြီး ခုခံ ကာကွယ်ပြောဆိုခဲ့သည်။

လွန်ခဲ့သော လပေါင်း ၂၀ အတွင်း ကိုဗစ် ၁၉နှင့်အတူ ရှင်သန်နေထိုင်ခဲ့ရသော်လည်း ထိုင်းနိုင်ငံ၏ ကိုင်တွယ်မှုသည် ပျမ်းမျှအခြေအနေအထက်တွင် ရှိသည်ဟူ၍လည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ် ပရရွတ်၏ ပြောကြားချက်တွင် ထိုင်းနိုင်ငံ၏ ကူးစက်မှုသည် ၁.၈ ရာခိုင်နှုန်းတွင် ရှိနေချိန်၌ သေဆုံးမှုနှုန်းသည် ၀.၉၆ ရာခိုင်နှုန်းရှိပြီး ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှုကို နှိုင်းယှဥ်ကြည့်ပါလျှင် ကူးစက်နှုန်း ၂.၈ ရာခိုင်နှုန်းရှိချိန်တွင် သေဆုံးနှုန်းသည် ၂.၁ ရာခိုင်နှုန်းဟူ၍ ပါရှိသည်။

ထိုင်းအစိုးရသည် Delta မျိုးစိတ်ကူးစက်ပျံ့နှံ့မှုကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဆေးရုံဆင်းလူနာ အရေအတွက်သည်လည်း အများအပြားရှိသည်ဟု ဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်။

သို့သော်ငြားလည်း အစိုးရအနေဖြင့် ကူးစက်မှုနှင့် သေဆုံးမှုနှုန်းများကို ပိုမိုနည်းပါးသွားအောင် ကြိုးစားသွားမည် ဟူ၍လည်း ပြောကြားခဲ့သည်။

“ကာလတိုအတွင်းမှာ ထိုင်းနိုင်ငံဟာ သေဆုံးမှုနှုန်းကျဆင်းသွားတာကို တွေ့မြင်ရပြီးဖြစ်ပေမယ့် ကျွန်ုပ်တို့ အနေနနဲ့ သေဆုံးမှုများကို ကာကွယ်ဖို့အတွက် ပိုမိုလုပ်ဆောင်သင့်တာလည်းဖြစ်ပါတယ်” ဟု ယင်းမှ ပြောကြားခဲ့သည်။

ထိုင်းအစိုးရ၏ ကာကွယ်ဆေးဆိုင်ရာ မူဝါဒ၊ AstraZeneca နှင့် သဘောတူညီမှု၊ WHO က စီမံခန့်ခွဲသော နိုင်ငံတကာ ကာကွယ်ဆေးခွဲဝေရေး အစီအစဥ်မှ ရရှိလာသော Covax တွင် မပါဝင်ရန်ဟူသော ဆုံးဖြတ်ချက်များ စသောအကြောင်းအရာများနှင့် ပတ်သက်၍လည်း ဝန်ကြီးချုပ် ပရရွတ်မှ ကာကွယ်ပြောဆိုခဲ့ပါသည်။

ဝန်ကြီးချုပ်အနေဖြင့် AstraZeneca နှင့် သဘောတူညီချက်အပေါ် သူ၏ ယုံကြည်စိတ်ချမှုကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်းအစီအစဥ်တွင်ပါဝင်သော နည်းပညာလွှဲပြောင်းပေးအပ်ရေး သဘောတူညီချက်မှုအရ ရေရှည်အတိုင်းအတာ တွင် နိုင်ငံအတွက် အကျိုးရှိစေမည့် ကာကွယ်ဆေးကို ဆိုင်ယမ်ဇီဝသိပ္ပံမှ (Siam Bioscience) ထုတ်လုပ်နိုင်ရန် အတွက်လည်း စာချုပ်ချုပ်ဆိုထားခဲ့သည်။

ထိုင်းအစိုးရသည် ကာကွယ်ဆေးကို လုံလောက်အောက် မှာယူထားနိုင်ခြင်းမရှိသောကြောင့် ခေါင်းမီးတောက်ခဲ့ရပြီး ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းတွင်လည်း ကြန့်ကြာမှုများ ဖြစ်ပေါ်စေခဲ့သလို ပထမအကြိမ်တွင် Sinovac ထိုးနှံခြင်းခံထားရသော လူများကို ဒုတိယအကြိမ်တွင် AstraZeneca ထိုးနှံရန်ဟူသော ရောနှောထိုးနှံသည့် ချဥ်းကပ်မှုကို ပြောင်းလဲခဲ့ရသည်။

ကာကွယ်ဆေးတစ်မျိုးကို  အတိအကျထောက်ပြ ဝေဖန်ပြစ်တင်ခြင်းများက နှစ်နိုင်ငံကြားသဘောတူညီမှုများကို ပျက်စီးစေနိုင်သောကြောင့် ထိုကဲ့သို့ပြောဆိုခြင်းကို ဂရုစိုက်ကြရန်လည်း ပါလီမန်အမတ်များသို့ ဝန်ကြီးချုပ် ပရရွတ်မှ ပြောကြားခဲ့သည်။

“ကာကွယ်ဆေးများက ပရိယာယ်ကြွယ်သော ပြဿနာများဖြစ်ပါတယ်၊ ပြီးတော့ အချက်အလက်မရှိပဲနဲ့ ကာကွယ်ဆေးတစ်မျိုးကို တန်ဖိုးနိမ့်အောင် အတိအကျပြောဆိုခြင်းတွေဟာလည်း အကျိုးဆက်တွေ ရှိနိုင်ပါတယ်။ ကျွန်တော်က ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေကို သတိပေးနှိုးဆော်ပါတယ်၊ ပြီးတော့ ခင်ဗျားတို့ရဲ့ ထင်မြင်ချက်တွေ အားလုံးအတွက်လည်း ခင်ဗျားတို့မှာ တာဝန်ရှိပါလိမ့်မယ်”ဟူ၍ ဝန်ကြီးချုပ် ပရရွတ်က ပြောကြားခဲ့ပါသည်။

တစ်ဖက်တွင်လည်း တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးနှင့်ပတ်သက်ပြီး Delta မျိုးကွဲကို ကာကွယ်ဖို့ အကျိုးသက်ရောက်မှု နည်းပါးသည်ဟူ၍လည်း ဒေသန္တရသုတေသနအချို့က ထုတ်ဖော်ပြောဆိုထားပါသည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.