မော်လမြိုင် ၊ သြဂုတ် ၂၅

စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ စီးပွားရေးကြပ်တည်းမှုတွေကြောင့် အခြေခံပြည်သူတွေမှာ ထမင်းနပ်မမှန်တော့တဲ့အထိ စားဝတ်နေရေး ပြသာနာတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရပါတယ်။

အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနဲ့အတူ ကုန်စျေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတာကြောင့် မတတ်နိုင်တော့တဲ့ အောက်ခြေလူတန်းစားတွေဟာ စားဝတ်နေရေးအတွက် တောင်းရမ်းတာကို ထွက်ပေါက်အနေနဲ့ ရွေးချယ်ခဲ့ကြပါတယ်။

“အိမ်မှာ စားဖို့မရှိတော့လို့ ကျွန်တော်တို့ အလှူလာခံတာ”လို့ မော်လမြိုင် အောက်စျေးပတ်ဝန်းကျင်မှာ တောင်းရမ်းနေတဲ့ အသက်(၁၂)နှစ်အရွယ် ကလေးတစ်ဦးက ပြောပါတယ်။

ယခင်ကလည်း မော်လမြိုင်မြို့မှာ တောင်းရမ်းသူတွေ အနည်းငယ် ရှိခဲ့ပေမယ့် အခုလပိုင်းမှာတော့ မြို့ရဲ့ မီးပွိုင့်တွေမှာ တောင်းရမ်းနေတဲ့ ကလေးတွေကို ပိုမို တွေ့လာရပါတယ်။

အခြေခံလုပ်သား အများစုလုပ်ကိုင်နေတဲ့ မွန်ပြည်နယ်က ကွန်ကရစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရာနှုန်းပြည့်နီးပါး ရပ်နားခဲ့ရပါတယ်။

ဒီလုပ်ငန်းကို မှီခိုနေရတဲ့ နေ့လုပ်နေ့စား သမားတွေဟာ အခုတော့ အလုပ်လက်မဲ့တွေ ဖြစ်လာကြပြီး စားဝတ်နေရေး ပြသာနာတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရပါတယ်။

“အခုတော့ အလုပ် မရှိတော့ဘူး ။ နောက်အလုပ်ထပ်ရှာဖို့လည်း ဒီကာလမှာ အဆင်မပြေဘူး ။လောလောဆယ် စားဖို့ သောက်ဖို့ ဘယ်လိုလုပ်ရမလဲ မသိ​နေဘူး”လို့ မော်လမြိုင် သီရိမြိုင်ရပ်ကွက်မှာ နေထိုင်တဲ့ ကိုကျော်ဇင်ဦးက ဆိုပါတယ်။

ဒါ့အပြင် နေ့လုပ်နေ့စားတွေဖြစ်တဲ့ ဆိုင်ကယ်တက်စီ မောင်းသူတွေ ၊ ဆိုက်ကားမောင်းသူတွေနဲ့ သုံးဘီးမောင်းသူတွေမှာလည်း တစ်နေ့ ဝင်ငွေ (၂၀၀၀)ကျပ်ပင် မရတော့တဲ့ ပြသာနာတွေကို ရင်ဆိုင်နေရပါတယ်။

“အကြွေးတွေ ပတ်လည်ဝိုင်းနေတယ် ခုဆိုစျေးလျော့ပြီးတောင် မောင်းပေးနေရတယ်။ဆီစျေးများတဲ့ ကြားကနေ အရင်က ၃ ထောင် တန် ခရီးကို ၂ ထောင်နဲ့ မောင်းပို့ပေးနေရတယ်” လို့ တက်စီမောင်းသူတစ်ဦးက ပြောပါတယ်။

အရပ်သားတွေ နေအိမ်ပြင်ပသွားလာရင် သက်ဆိုင်ရာက ခွင့်ပြုချက် ကတ်ပြား ပါရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေနှင့်အတူ လမ်းမှာ စစ်ဆေးရေးတွေ ပေါများနေတာဟာ နေ့လုပ်နေ့စားတွေအတွက် အလုပ်အကိုင် ရှာဖွေဖို့ စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။

ဒါ့အပြင် ဘဏ်တွေကနေ ငွေထုတ်ယူခွင့် ကန့်သတ်ချက်တွေကြောင့် မွန်ပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်း အများစု ရပ်ဆိုင်းလာရပြီး အလုပ်လက်မဲ့နှုန်းကလည်း ဆက်တိုက် မြင့်တက်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ခန့်မှန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.