အာဏာသိမ်း စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ဟာ မှောင်ခိုငွေကြေး စျေးကွက်တစ်ခု ဖန်တီးလိုက်တာ ဖြစ်ပြီး တိုင်းပြည်ရဲ့ ငွေကြေးတာဝန်ခံမှုအပေါ် ချိုးဖျက်လိုက်တာလည်းဖြစ်လာပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းမှုနဲ့အတူ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကို ပြည်သူတစ်ရပ်လုံး အကြီးအကျယ် ခံစားခဲ့ရပါတယ်။

စစ်အုပ်စုရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကြောင့် မြန်မာနိုင်ငံရဲ့ တရားဝင် အသုံးပြုနေတဲ့ ငွေကြေးကို မှောင်ခိုစျေးကွက်မှာ ရာခိုင်နှုန်းအမျိုးမျိုးနဲ့ လဲလှယ် သုံးစွဲလာရပါတယ်။

ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်နဲ့အတူ ငွေလွှဲ၊ငွေထုတ်လုပ်ငန်း အားလုံးနီးပါး အလုပ်မဖြစ်နေတော့တဲ့ အခြေအနေကို ရောက်ရှိသွားတဲ့အတွက်ကြောင့် မှောင်ခိုငွေကြေး စျေးကွက်က အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကြောင့် ချက်ချင်းဆိုသလို မှောင်ခိုငွေကြေး လဲလှယ်တဲ့ စျေးကွက် တစ်ခု ပေါ်ပေါက်လာပါတယ်။

မှောင်ခိုငွေကြေး စျေးကွက် အားကောင်းလာခြင်းဟာ ဘဏ်တွေက ငွေသား ထုတ်ပေးမှု ကန့်သတ်ချက်နဲ့ တိုက်ရိုက် အချိုးကျလာပါတယ်။

ဘဏ်တွေက အရင်က ဘဏ်စာအုပ် တစ်အုပ်ကို တစ်ပတ် ကျပ် သိန်း ၂၀ ထုတ်ပေးရာကနေ ကျပ် ၁၀ သိန်း ၊ ကျပ် ၅ သိန်းထိ လျော့ချခဲ့သလို ဇွန်လကစပြီး ဘဏ်တစ်အုပ် တစ်အုပ်ကို တစ်ပတ် ကျပ် ၃ သိန်းသာ ထုတ်ပေးတော့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နှစ်ပတ်မှ တကြိမ် ငွေသားငါးသိန်းသာ ထုတ်ပေးတော့တာပါ။

လက်ရှိမှာတော့ နှစ်ပတ်မှ တကြိမ် ငွေသားငါးသိန်းသာ ထုတ်ပေးတော့တာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ငွေထုတ်သူတွေကို အလှည့်ကျ တန်းစီစနစ်ဖြင့် ဘဏ်တွေက ငွေထုတ်ပေးခဲ့ပြီး၊ လက်ရှိမှာ Covid တတိယလှိုင်းကြောင့် လူစုလူဝေး မဖြစ်အောင် ဖုန်းဆက် တုံကင်ယူတဲ့ စနစ်နဲ့ ငွေထုတ်ပေးနေတာ ဖြစ်ပါတယ်။

ဘဏ်တွေမှာ ဖုန်းဆက် တုံကင်ယူရာမှာ တစ်ရက်ကို တုံကင် ၂၀ ခုသာ ထုတ်ပေးနေတဲ့အတွက်ကြောင့် ပြည်သူတွေ ငွေထုတ်ဖို့ ခက်ခဲရှိလာတာပါ။ အဲဒီအခြေအနေကြောင့် မှောင်ခိုငွေကြေး စျေးကွက် အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။

“ဘဏ်တွေမှာ တစ်ပတ် ၃ သိန်းဆိုတော့ ဘာမှ လုပ်လို့ မရဘူး၊ ဆေးရုံတက်ဖို့ကလည်း သေရေးရှင်ရေးဆိုတော့ ရာခိုင်နှုန်းနဲ့ လဲလှယ်ခဲ့ရတယ်၊ ၇ ရာခိုင်နှုန်းပေးရတယ်” လို့ ဆေးရုံတက်ဖို့ မှောင်ခိုငွေကြေး စျေးကွက်မှာ ငွေလဲလှယ်ခဲ့တဲ့ ပြည်သူ တစ်ဦးက ပြောပါတယ်။

အခုအခါ မွန်ပြည်နယ်ရဲ့ မှောင်ခိုငွေကြေး ဈေးကွက်မှာ မြန်မာငွေကို ၅ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းထိ ပေးပြီး လဲလှယ်သုံးစွဲနေရပါတယ်။

မှောင်ခိုငွေကြေး စျေးကွက်မှာတော့ ငွေသားတွေကို အွန်လိုင်းက ချိတ်ဆက်ပြီး လဲလှယ်တာ၊ အချင်းချင်း ချိတ်ဆက်ပြီး လဲလှယ်နေကြပါတယ်။

“ကျွန်တော်တို့ဆို တော်တော် အဆင်မပြေဘူး၊ ရတဲ့ လစာက ၂ သိန်း၊ ကုမ္ပဏီက လစာကို E Money နဲ့ လွှဲပေးတယ်၊ ဘဏ်မှာ အလွယ်တကူ ထုတ်လို့ မရတော့ ရတဲ့လစာကို ရာခိုင်နှုန်းနဲ့ လဲလှယ်ပြီး သုံးနေရတယ်၊ တစ်လ တစ်လ ဘာမှ မကျန်ဘူး”လို့ ကုမ္ပဏီ ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်ရဲ့ မှောင်ခိုငွေကြေး စျေးကွက်ဟာ အခုအခါ ပိုပြီး ကြီးထွားလာနေတယ်လို့ ငွေကြေးလဲလှယ်ပေးနေသူတွေက ဆိုကြပါတယ်။

“အခုက ပိုက်ဆံများများ ကိုင်ထားသူတွေက စိတ်ကြိုက်ကစားနေတာ၊ ဒီနေ့ပေါက်စျေးဆိုရင် ၆ ဒဿမ ၈ ရာခိုင်နှုန်း ပေါက်တယ်”လို့ ငွေကြေးလဲလှယ်နေသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်ရဲ့ မှောင်ခိုငွေကြေး စျေးကွက်မှာတော့ နေ့စဉ်ပေါက်စျေး ဖွင့်လှစ်ပြီး လဲလှယ်တဲ့အဆင့်ထိ ဖြစ်ပေါ်လာတာပါ။

အလုပ်မဖြစ်တော့တဲ့ ငွေလွှဲ၊ငွေထုတ် လုပ်ငန်းများ

စစ်တပ် အာဏာသိမ်းပြီးနောက် ငွေလွှဲ၊ငွေထုတ် လုပ်ငန်းအများစုဟာ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကြောင့် လုပ်ငန်း ပုံမှန်အတိုင်း လည်ပတ်နိုင်တော့ခြင်း မရှိသလို အေးဂျင့်ဆိုင်တွေကိုလည်း ငွေမထုတ်ပေးတော့ဘူးလို့ သိရပါတယ်။

ငွေလွှဲ၊ ငွေထုတ် လုပ်ဆောင်နေတဲ့ အေးဂျင့်တွေကို ကုမ္ပဏီတွေက အရင်ကဆိုရင် ၂ ရက် တစ်ကြိမ်လောက် ငွေလာထုတ်ပေးခဲ့တာ ဖြစ်ပေမယ့် မေလကစပြီး ငွေထုတ်ပေးတော့ခြင်း မရှိပါဘူး။

ကုမ္ပဏီတွေက ငွေမထုတ်ပေးတဲ့အတွက်ကြောင့် အေးဂျင့်ဆိုင်တွေဟာ မိမိတို့ အစီအစဉ်နဲ့ ငွေလွှဲ ငွေထုတ် လုပ်ပြီး၊ ငွေကြေး ထုတ်ယူရာမှာ အခုဆိုရင် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်ထိ ယူလာကြတာ ဖြစ်ပါတယ်။

“ပိုက်ဆံမချပေးတော့ ရှိသမျှ အေးဂျင့်တွေကလည်း အဆင်ပြေသလို လုပ်ပေးနေရတယ်၊ Kpay လဲ အဲ့အတိုင်းပဲ အရင်ကဆို တစ်ပတ် ၁၀ သိန်းလောက်ထုတ်ပေးသေးတယ်၊ အခု မထုတ်ပေးတော့ဘူး” ဟု ငွေလွှဲ၊ငွေထုတ် လုပ်နေတဲ့ အေးဂျင့် တစ်ဦးက ပြောပါတယ်။

ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် အေးဂျင့်တွေကို ငွေမထုတ်ပေးနိုင်တော့ဘူးလို့ E money ငွေကြေးဆိုင်ရာ ကုမ္ပဏီ တစ်ခုရဲ့ call center က ပြောပါတယ်။

“ပုံမှန်ပိုက်ဆံမထည့်တာကလေ ဘဏ်တွေကလည်း ငွေလည်ပတ်တာ အကန့်အသတ်တွေ ရှိနေတာမို့လို့ပါ” လို့ အဲဒီ Call Center က ပြောပါတယ်။

အမြန်ဆုံးပြင်ရမယ့် ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်

အာဏာသိမ်း စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ဟာ မွန်ပြည်နယ်ရဲ့ စီးပွားရေးအပေါ် သက်ရောက်မှု ကြီးမားနေပါတယ်။

ဘဏ်ဝန်ဆောင်ကန့်သတ်ချက်ကြောင့် လုပ်ငန်း အများစု လုပ်ငန်းလည်ပတ်ရုံမျှသာ ဆောင်ရွက်နေရသလို အချို့ လုပ်ငန်းတွေဟာ ရပ်ဆိုင်းလာရပါတယ်။

လုပ်ငန်းလည်ပတ်ရာမှာ ဘဏ်တွေက ငွေကြေး အလွယ်တကူ ထုတ်ယူလို့ မရတဲ့ ရာခိုင်နှုန်းတွေနဲ့ မှောင်ခိုငွေကြေး စျေးကွက်မှာ လဲလှယ်နေရပါတယ်။

“ဘဏ်တွေက တစ်လမှ သိန်း ၃၀ ပဲ ဆိုတော့ ဘယ်လိုမှ လည်လို့မရဘူး အရင်က တစ်ရက်ကို သိန်း ၁၀၀ လောက်လည်ပတ်နေတာ၊ ငွေလွှဲ ငွေထုတ် လုပ်တာကလည်း မလွယ်ဘူး။ ဒီအတိုင်းဆိုရင် လုပ်ငန်းပိတ်သိမ်းရတော့မယ်” လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကြောင့် မွန်ပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်း အများစု ရပ်ဆိုင်းလာနေသလို အလုပ်လက်မဲ့နှုန်းကလည်း ဆက်တိုက်မြင့်တက်နေတာ ဖြစ်ပါတယ်။

“ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကို အမြန်ဆုံးပြင်ဖို့လိုတယ်၊ ရာခိုင်နှုန်းနဲ့ လဲလှယ်ပြီး ဘယ်သူမှ အချိန်အကြာကြီး အလုပ်မလုပ်နိုင်ဘူး။ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် အချိန်တိုအတွင်း စီးပွားရေးလုပ်ငန်း အကုန်လုံး ရပ်သွားမယ်”လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပြုပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.