မော်လမြိုင် ၊ ဧပြီ (၂၂)
အာဏာသိမ်း စစ်ကောင်စီလက်အောက် လုပ်ငန်းတာဝန်မထမ်းဆောင်တဲ့ CDM ဝန်ထမ်းတွေကို အကြမ်းဖက် စစ်အုပ်စုက နည်းလမ်းမျိုးစုံနှင့် ဖိအားပေးပြီး ရုံးပြန်တက်ဖို့ ညွှန်ကြားနေတယ်လို့ CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီကိုဆန့်ကျင်တဲ့ အကြမ်းမဖက် ပြည်သူ့အာဏာ ဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေ ပါဝင်နေပါတယ်။
အဆိုပါ CDM ဝန်ထမ်းတွေကို လုပ်ငန်းတာဝန်ကနေ ရပ်ဆိုင်းတာတွေ ၊ နေအိမ်လိုင်းခန်းကနေ ရွှေ့ပြောင်းစေတာတွေ အပါအဝင် လုပ်ငန်းခွင်ထဲ ပါဝင်ဖို့ ဖိအားပေး အကြပ်ကိုင်တာတွေကို စစ်အုပ်စုက ဆက်တိုက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
” ဒီနေ့အထိပဲ အိမ်ကိုလာတယ်။ စာတွေပို့တယ်။ လူကြီးတွေကိုယ်တိုင်လာကြတယ်။ ရုံးပြန်တက်ဖို့၊ ခေါ်တယ်။ မတက်ရင် ဖမ်းခံထိနိုင်တယ်။ အမှုဖွင့်လိမ့်မယ်။ မျိုးစုံပါပဲ လာပြောနေကြတုန်းပါပဲ။ ဖိအားပေးတာပေါ့နော်”လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာတော့ CDM ဝန်ထမ်းအများစုဟာ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အချို့ကြပ်တည်းတဲ့ CDM ဝန်ထမ်းတွေကတော့ ရက်ကြာလာတာနှင့်အမျှ မိသားစု စားဝတ်နေရေး ပြဿနာတွေကို ရင်ဆိုင်နေရပြီးလို့ ဆိုပါတယ်။
“ပိုက်ဆံရှိတဲ့သူတွေကတော့ ဘာမှမပြောပလောက်ပေမယ့်။ အကိုတို့လိုလူတွေကျတော့ ရေရှည်မှာ အဆင်မပြေဘူးပေါ့။ ရတဲ့နည်းလမ်းနဲ့ ချေးယူပေါင်နှံ့ပြီး နေရတာပေါ့။ ဒီလိုထိခိုက်လာလို့ စစ်ကောင်စီရဲ့ လက်အောက်မှာ အလုပ်ပြန်လုပ်မှာတော့ မဟုတ်ဘူး။ အကို့ရဲ့ သားသမီးတွေလည်း ဒီလိုအဖြစ်မျိုးနဲ့ မကြုံစေချင်ဘူးလေ”လို့ CDM ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အခုလို ထောင်နဲ့ချီတဲ့ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ စစ်ကောင်စီလက်အောက် အစိုးရလုပ်ငန်းအများစုက လုံးဝ ရပ်နားထားရပါတယ်။
အဆိုပါ CDM ဝန်ထမ်းတွေနေရာမှာ အခြားသူတွေကို အစားထိုးမယ်လို့ စစ်ကောင်စီက ပြောဆိုတာတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်ထိ လူစားမထိုးနိုင်သေးတာကို တွေ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်