မော်လမြိုင် ၊ ဧပြီ (၂၂)
မော်လမြိုင်မြို့ပေါ်မှာ ဗုံးလို့ယူဆရတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာပြီးနောက် မွန်ပြည်နယ် အဝင်အထွက် အပါအဝင် မြို့ပေါ်တွေမှာပါ အကြမ်းဖက် စစ်အုပ်စုက စစ်ဆေးရေးတွေကို ခပ်စိပ်စိပ် လုပ်ဆောင်နေပါတယ်။
ရန်ကုန်- မော်လမြိုင် အဝေးပြေးကားလမ်းတစ်လျှောက်မှာ စစ်ဆေးရေးတွေ သုံးလေးခုထက်မနည်း ရှိနေပြီး အဝေးပြေးခရီသည်တင်ကားတွေအပါအဝင် အိမ်စီးကားတွေကိုပါ တားဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။
“ပဲခူးမှာ တစ်ခါစစ်တယ်။ ပဲခူးကနေ စစ်တောင်းတံတားရောက်တော့ တစ်ခါထပ်စစ်တယ်။ စစ်တောင်းတံတားမှာကျတော့ လမ်းဆင်းလျှောက်ခိုင်းတယ်။ မသင်္ကာတဲ့လူကို ကြည့်ဖို့လို့ ထင်တယ်။ အဲကနေပြီးတော့ ကျိုက်ထိုအထွက်မှာ တစ်ခါ စစ်တယ်။ ကားပေါ်တက်လာတယ်။ မှတ်ပုံစစ်တယ်။ လူတိုင်းတော့ မဟုတ်ဘူး။ မသင်္ကာတဲ့လူတွေကိုပဲ ယူစစ်တယ်”လို့ ကြုံတွေ့ခဲ့တဲ့ ခရီးသွားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မှတ်ပုံတင်စစ်ဆေးတာတွေအပြင် ကား၏အတွင်းခန်းတွေကိုပါ ဖွင့်ပြစစ်ဆေးတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့ပေါ်မှာ စစ်ဆေးရေးတွေကို နေ့ရောညပါ နေရာအနှံ့အပြားမှာ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မော်လမြိုင်မြို့မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဗုံးလို့ယူဆရတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မတ်လအတွင်းမှာလည်း ပေါက်ကွဲမှုတွေ ရှိခဲ့ပါသေးတယ်။
အဲ့ဒီနောက်ပိုင်းမှာ အကြမ်းဖက် စစ်အုပ်စုက စစ်ဆေးရေးတွေကို ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“ကျွန်တော့်က မတွေ့တာ သူတို့စစ်နေတာ မသိတော့ မောင်းတာပေါ့နော်။ အဲဒါကို ထွက်ပြေးတယ်ထင်လား မသိဘူး အတင်းနောက်ကအော်ပြီး လိုက်မှ ကျွန်တော်သိတာ။ ကားပေါ်က အထုတ်တွေစစ်တယ်။ အဓိကက ကျွတ်ကျွတ်အိတ်အမဲရောင်နဲ့ ထုတ်ထားတဲ့ အိတ်တွေဆို ဖွင့်ပြီး သေချာစစ်တယ်”လို့ ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေပြီး ပြည်နယ်အတွင်း ဖမ်းဆီးခံရသူကလည်း (၂၀၀)ကျော် ရှိပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ဆန္ဒဖော်ထုတ်မှုတွေကို စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းလို့ သေဆုံးသူ (၈)ဦး ရှိခဲ့ပြီး အသက်မပြည့်သေးတဲ့ သာမန် အရပ်သားကလေးတွေလည်း ပါဝင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်