မော်လမြိုင်၊ မတ် (၉)

ကမ္ဘာ့စျေးကွက်မှာ ရာဘာစျေး မြင့်တက်လာတာနဲ့အတူ ပြည်တွင်းစျေးကွက်မှာလည်း ရာဘာစျေးဟာ အနည်းငယ် မြင့်တက်ခဲ့ပါတယ်။

ယခင်က အဆင်မြင့်ရာဘာ ပေါက်စျေး တစ်ပေါင်ကို ကျပ် (၇၅၀) ရှိရာကနေ လက်ရှိမှာတော့ ကျပ် (၁၀၀၀)နီးပါးအထိ စျေးနှုန်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိပြည်တွင်းစျေးကွက်မှာ အဆင့်မြင့်ရာဘာ(RSS -1) တစ်ပေါင်ကို ကျပ် ၉၅၀ ကနေ ၉၈၀ အထိ စျေးရပြီး RCSS (3) ကတော့ တစ်ပေါင်ကို ကျပ် (၈၀၀) ပေါက်စျေး ရနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာစျေးနဲ့အတူ ပြည်တွင်းမှာလည်း စျေးနှုန်းမြင့်တက်ခဲ့ပေမယ့် အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ပေါက်စျေးကိုတော့ မမှီသေးဘူးလို့ ရာဘာလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ကျွန်တော်တို့က ကမ္ဘာပေါက်ဈေးပေါ်မှာပဲ မူတည်တယ်။ ကမ္ဘာပေါက်ဈေး မြင့်လာရင် ဈေးက လိုက်လာတယ်။ လက်ရှိတော့ ထိုင်းပေါက်ဈေးကိုတော့ မမှီသေးဘူး။ အခု လက်ရှိပေါက်ဈေးကတော့ အရင် ၂လက ထက် စာရင်တော့ နည်းနည်း လိုက်တက်လာတာပေါ့နော်”လို့ ရာဘာလုပ်ငန်းရှင် ဦးအောင်ရွှေက ပြောပါတယ်။

လက်ရှိ ပြည်တွင်းစျေးကွက်မှာတော့ ရာဘာအပြားထက်စာရင် အရည်က အများဆုံး အရောင်းအဝယ် ဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မွန်ပြည်နယ်ဟာ ရာဘာစိုက်ဧက  (၅)သိန်းကျော်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ် ရာဘာတန်ချိန် (၁)သိန်းကျော်ကို ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.