မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၈)

စစ်အာဏာသိမ်းပြီးနောက် ဘဏ်လုပ်ငန်းတချို့ ရပ်တန့်ခဲ့လို ငွေကြေးစီးဆင်းမှု ပြတ်တောက်ပြီး ရာဘာစျေးကွက်မှာ အရောင်းအဝယ် မရှိတော့ဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှုတွေမှာ ဘဏ်ဝန်ထမ်းတွေ ပါဝင်ခဲ့လို့ ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေ ရပ်နားထားရပါတယ်။

အခုလို အခြေအနေတွေကြောင့် လက်ထဲမှာ ငွေကြေးပြတ်တောက်နေတဲ့အတွက်  ရာဘာ အရောင်းအဝယ် မလုပ်နေဘူးလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဒါ့အပြင် စက်ရုံလုပ်သားတွေကို လုပ်ခလစာ မရှင်းပေးနိုင်တဲ့ အခက်အခဲတွေကြောင့် စက်ရုံပိတ်ရမယ့် အခြေအနေတွေကိုပါ ရင်ဆိုင်နေရတယ်လို့ ရာဘာလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးအောင်ရွှေက ပြောပါတယ်။

“အလုပ်သမားကျတော့ ကျွန်တော်တို့က ငွေမလည်တော့ဘူးဗျာ။ ငွေမပေးနိုင်တော့ဘူး။ စက်ရုံတွေကို ပိတ်ရမယ့် အ‌နေအထားရှိတယ်။ အဲ့မှာ ရာဘာလာသွင်းတဲ့ ခြံရှင်တွေ၊ အရည်လာသွင်းတဲ့ သူတွေက မပိတ်ပစ်ပါနဲ့ သူတို့အလုပ်သမားရော၊ ကျွန်တော်တို့ စက်ရုံအလုပ်သမားရော ပြေလည်ဖို့ အကြွေးစနစ်နဲ့ ပေးထားတယ်။ အကြွေးစနစ်နဲ့ ကျွန်တော်တို့ လည်ပတ်နေရတာပေါ”လို့ ဆိုပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့် ရာဘာလုပ်ငန်း လုပ်ကိုင်သူတွေဟာ စီးပွားဖြစ် မလုပ်ကိုင်နိုင်ဘဲ ခြံလုပ်သားတွေ စက်ရုံလုပ်သားတွေကို ငဲ့တဲ့အနေနဲ့ လှည်ပတ်ရုံသာ လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဘဏ်လုပ်ငန်းတွေ ပြန်လည် လည်ပတ်ပြီး ပို့ကုန်လမ်းကြောင်းတွေ အဆင်ပြေ ချောမွေ့ဖို့အတွက် လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။

မွန်ပြည်နယ်ရဲ့ လက်ရှိ ရာဘာပေါက်စျေးကတော့ ကာလတူ နှိုင်းယှဉ်ရင် အရင်က  ကျပ်(၉၀၀)ထိ ရှိခဲ့ရာမှ လက်ရှိ ကျပ် (၇၂၀)ကနေ (၇၈၀) ကျပ်ထိသာ ပေါက်စျေး ရနေပါတယ်။

မွန်ပြည်နယ်ဟာ ရာဘာစိုက်ဧက  (၅)သိန်းကျော်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ် ရာဘာတန်ချိန် (၁)သိန်းကျော်ကို ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.