ပုဂ္ဂလိဘဏ်ဝန်ထမ်းတွေ CDM လုပ်ကြလို့ ဘဏ်လုပ်ငန်းတချို့ ရပ်နားထားပါတယ်။

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၆)

အာဏာသိမ်းစစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှုမှာ ဘဏ်ဝန်ထမ်းအများစု ပါဝင်ခဲ့လို့ ပုဂ္ဂလိက ဘဏ်တွေ ပိတ်ထားပါတယ်။

စစ်အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုအနေနဲ့ civil disobedience movement လို့ ခေါ်တဲ့ ရုံးမတက်တဲ့ လှုပ်ရှားမှုကို နိုင်ငံတဝှမ်းမှာ ဝန်ထမ်းတွေက ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုမှာ ပုဂ္ဂလိကဘဏ်ဝန်ထမ်း အများစုပါဝင်ခဲ့လို့ မော်လမြိုင်မြို့က  ကမ္ဘောဇဘဏ်ခွဲ၊ ဧရာဝတီဘဏ်ခွဲ ၊ရိုးမဘဏ်ခွဲ၊ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ ၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နဲ့  သမဝါယမဘဏ်ခွဲ အစရှိတဲ့ ဘဏ်တွေအားလုံး ပိတ်ထားတာဖြစ်ပါတယ်။

“ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြလို့  ဒီနေ့ဆို ဘဏ်တွေအားလုံး ပိတ်ရတဲ့အထိ ဖြစ်လာတယ်၊ customer တွေအတွက်စိတ်မကောင်းပေမယ့် ကျွန်တော်တို့ ဒီလိုလုပ်မှဖြစ်တော့မယ့်အခြေအနေပါ ” လို့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဘဏ်ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါပေမယ့် တပ်နဲ့အစိုးရဘဏ်တွေကတော့ ဆက်လက်ဖွင့်လှစ်ထားပြီး ရဲတပ်ဖွဲ့နဲ့စစ်သားတွေက လုံခြုံရေးယူပေးထားတာကို တွေ့ရပါတယ်။

ဒါကြောင့် CDM လှုပ်ရှားမှုမှာ မြန်မာ့စီးပွားရေးဘဏ်က ဝန်ထမ်းတွေလည်း ပါဝင်လာဖို့အတွက် မော်လမြိုင်မြို့က ဆန္ဒဖော်ထုတ်တဲ့ လူငယ်တွေဟာ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ထိုင်သပိတ်လုပ်ပြီး တောင်းဆိုခဲ့ကြပါတယ်။

“အာဏာသိမ်းထားတဲ့ စစ်အစိုးရဲ့ ယန္တရားတွေ မလည်ပတ်လို့ရှိရင် ကျွန်တော်တို့ နိုင်ဖို့ ရာခိုင်နှုန်းများတယ်။ ဒီဟာက ဝန်ထမ်းတွေအပေါ်မှာပဲ အပြည့်အဝရှိလို့ CDM မှာ ပါဝင်ဖို့ ကျွန်တော်တို့ တောင်းဆိုနေတာပါ”လို့ ဆန္ဒဖော်ထုတ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကတော့ တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာပြီး အလွှာပေါင်းစုံက ပြည်သူလူထုတွေက ပူးပေါင်းပါဝင်လာတာကိုလည်း တွေ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.