မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၅)

အတ္ထရံမြစ်ရေတင်စီမံကိန်းကနေ သောက်သုံးရေသန့်တွေအား မော်လမြိုင်မြို့ပေါ်ရပ်ကွက်တွေကို ဖြန့်ဖြူးပေးနေပြီးလို့ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။

မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ မော်လမြိုင်မြို့ရဲ့ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်သန်း ၈,၅၀၀ ကျော်သုံးစွဲပြီး အတ္တရံမြစ်ရေတင် စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာပါ။

လက်ရှိမှာတော့ အတ္တရံမြစ်ရေတင်စီမံကိန်းဟာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်လို့ မြို့ပေါ် ရပ်ကွက်တချို့ကို သောက်သုံးရေတွေ ဖြန့်ဝေပေးနေပြီလို့ ဆိုပါတယ်။

“အခု လောလောဆယ် သန့်စင်ထားတဲ့ရေတွေကို မူလပိုက်လိုင်းထဲက တောက်လျှောက် ထည့်ပေးနေတယ်။ ပိုက်လိုင်းအသစ်တွေကိုလည်း တိုးချဲ့ချနေတယ်။ ပိုက်လိုင်းအသစ်တွေ တိုးချဲ့ချပြီးရင်တော့ ရေအားအပြည့်နဲ့ မောင်းထည့်ပေးမှာပေါ့။ အခု လောလောဆယ်တော့ ပိုက်လိုင်းအသစ် မပြီးသေးတော့ ရေကို အပြည့်မထုတ်သေးဘူး”လို့ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။

အခုဖြန့်ဝေနေတဲ့ သောက်သုံးရေတွေဟာ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO စံနှုန်း သတ်မှတ်ချက်နဲ့အညီ ထုတ်လုပ်ထားတယ်လို့ စည်ပင်က ဆိုပါတယ်။

လက်ရှိ ဖြန့်ဝေပေးနေတဲ့ ပိုက်လိုင်းတွေဟာ ၆လက်မ ပိုက်လိုင်းဖြစ်တဲ့အတွက် ၁၂လက်မ ပိုက်လိုင်းများနဲ့ လဲလှယ်ပြီးပါက ရေအားအပြည့် ဖြန့်ဝေပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ပိုက်လိုင်းအသစ်များကို သာသနာ ၂၅၀၀ မှ အထက်လမ်းမကြီးအထိ တစ်လိုင်း၊ အောက်လမ်းမကြီးအတွက် တစ်လိုင်း နှင့် စနေတိုင် မှ ကန်သုံးကန်အထိ တစ်လိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သောက်သုံးရေသန့်တွေကို စတင်ဖြန့်ဝေနေပြီးဖြစ်ပေမယ့် ရေမီတာခကိုတော့ ပြောင်းလဲကောက်ခံတာမျိုး မရှိသေးဘူးလို့ ဦးတင်ကိုကိုက ပြောပါတယ်။

မော်လမြိုင်မြို့ဟာ နေ့စဉ် ရေဂါလန် ၅၅ သိန်းလောက် သုံးစွဲနေပြီး  ရွှေနတ်တောင်ဆည်၊ ကင်းမွန်ချုံဆည်နဲ့ အတ္တရံမြစ်ရေတင် စီမံကိန်းတွေကနေ ရေတွေ ထုတ်လုပ်ပေးနေတာပါ။

အခုအခါမှာတော့ အတ္တရံမြစ်ရေတင် စီမံကိန်းကနေ သန့်စင်တဲ့ သောက်သုံးရေ ဂါလန် ၄၃ သိန်းကို နေ့စဉ် ထုတ်လုပ်သွားဖို့ စည်ပင်သာယာရေးအဖွဲ့က မျှော်မှန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.