မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၅)

အာဏာသိမ်းစစ်အစိုးရလက်အောက်မှာ ရုံးမတက်ဘဲ ရုန်းထွက်ဖို့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတွေကို မော်လမြိုင်က ဆန္ဒဖော်ထုတ်သူတွေက တိုက်တွန်းလိုက်ပါတယ်။

စစ်အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုအနေနဲ့ civil disobedience movement လို့ ခေါ်တဲ့ ရုံးမတက်တဲ့ လှုပ်ရှားမှုကို နိုင်ငံတဝှမ်းမှာ ဝန်ထမ်းတွေက ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုမှာ မြန်မာ့စီးပွားရေးဘဏ်က ဝန်ထမ်းတွေလည်း ပါဝင်လာဖို့အတွက် မော်လမြိုင်မြို့က ဆန္ဒဖော်ထုတ်တဲ့ လူငယ်တွေဟာ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ထိုင်သပိတ်လုပ်ပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“အာဏာသိမ်းထားတဲ့ စစ်အစိုးရဲ့ ယန္တရားတွေ မလည်ပတ်လို့ရှိရင် ကျွန်တော်တို့ နိုင်ဖို့ ရာခိုင်နှုန်းများတယ်။ ဒီဟာက ဝန်ထမ်းတွေအပေါ်မှာပဲ အပြည့်အဝရှိလို့ CDM မှာ ပါဝင်ဖို့ ကျွန်တော်တို့ တောင်းဆိုနေတာပါ”လို့ ဆန္ဒဖော်ထုတ်သူတစ်ဦးက ပြောပါတယ်။

အခုလို ထိုင်သပိတ်လုပ်ပြီး ဆန္ဒဖော်ထုတ်သူတွေ ရှိနေသလို ဘဏ်အနီးအနားမှာလည်း ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်ချထားပြီး စောင့်ဆိုင်းနေတာကိုလည်း တွေ့ရပါတယ်။

မော်လမြိုင်မြို့အပြင် အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတွေ CDM မှာ ပါဝင်လာဖို့ ဆန္ဒဖော်ထုတ်သူတွေက တောင်းဆိုနေကြပါတယ်။

ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေကတော့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို ပုဂ္ဂလိက ဘဏ်အားလုံးနီးပါး ပိတ်ထားတာကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့ မနက်ပိုင်းမှာ တွေ့မြင်ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.