ရဲတပ်ဖွဲ့မှ ရာဘာကြည်နဲ့ပစ်ပြီး ဆန္ဒဖော်ထုတ်သူတွေအား လူစုခွဲခဲ့သည်။ ဓာတ်ပုံ - သုည

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၃)

ဖေဖော်ဝါရီလ (၁၂)ရက်နေ့က မော်လမြိုင်တက္ကသိုလ် ကျောင်းသားစစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့လို့ ထိခိုက်ဒဏ်ရာရသူ (၁၀)ဦးထက်မနည်း ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဖေဖော်ဝါရီလ (၁၂)ရက်နေ့ မနက်ပိုင်းမှာ မော်လမြိုင်တက္ကသိုလ်က ထွက်လာတဲ့ ကျောင်းသားစစ်ကြောင်းကို ရဲက တားပြီး ကျောင်းသား (၄) ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ ဝန်းရံသူတွေ တောင်းဆိုရာမှာ ရဲတပ်ဖွဲ့က ရာဘာကြည်တွေနဲ့ ပစ်ပြီး လူစုခွဲခဲ့သလို ဝန်းရံသူ (၅) ဦးကိုလည်း ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။

ဝန်းရံသူတွေကို ရဲတပ်ဖွဲ့မှ အင်အားသုံး ဖမ်းဆီးခဲ့သည်။ ဓာတ်ပုံ – သုည

အဲ့ဒီနောက် ရဲတပ်ဖွဲ့ကို ဝန်းရံသူတွေက ပိတ်ဆို့ထားပြီး ဖမ်းဆီးထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ညနေပိုင်းမှာတော့ အချေအတင်ဖြစ်ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့မှ ရာဘာကြည်နဲ့ (၁၀)ချက်ကျော်  ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူတွေ ရှိခဲ့သလို ဝန်းရံသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲကားတွေလည်း ပျက်စီးခဲ့ပါတယ်။

ရာဘာကြည်ထိလို့ ထိခိုက်ဒဏ်ရာရသူတွေမှာတော့ မီးလောင်ရာကဲ့သို့ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုးက ပြောပါတယ်။

“”ထိခိုက်ဒဏ်ရာ ရတာတော့ ၁၀ဦးလောက်တော့ရှိတယ်။ ဒဏ်ရာ နည်းနည်းပြင်းထန်တာကတော့ ရော်ဘာကျည် ၁၃ချက် ထိမှန်တာကတော့ အပြင်းထန်ဆုံးပေါ့နော်။ ကျန်တာတွေကတော့ အကုန်လုံး ကျွန်တော်ကယ်ပြီးတော့ ပြုစုကုသပေးပြီး လွှတ်ပေးတယ်ပေါ့။ တအားကြီး စိုးရိမ်စရာ အသက်အန္တရာယ် ထိခိုက်တာတော့ မရှိပါဘူး”လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာ ရသူတွေမှာ အမျိုးသမီး(၄)ဦးနဲ့ အမျိုးသား(၆) ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာအများစုကတော့ ခြေထောက်၊ ဝမ်းဗိုက် နဲ့ လက်မောင်း နေရာတွေမှာ ထိခိုက်ခဲ့ပြီး သက်ကြီးပိုင်း အမျိုးသားတစ်ဦးကတော့ ရာဘာကြည် (၁၃)ချက် ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.