မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၁)

မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်နဲ့ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌတွေကို မနေ့ညပိုင်းမှာ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာလည်း အစိုးရအဖွဲ့ဝန်ကြီးတွေကို တပ်က ခေါ်ယူ ထိန်းသိမ်း ခဲ့ပါသေးတယ်။

အဲ့ဒီနောက်မှာ ပြန်လည်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ် ချထားရာမှ မနေ့ညပိုင်းမှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ဌေးကြွယ်နဲ့ ရွေးကောက်ပွဲကော်မရှင် မြို့နယ် ဥက္ကဋ္ဌတွေကို တပ်က  ပြန်လည်ခေါ်ယူ ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

အခြားမွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတွေကတော့ အစိုးရအိမ်ယာမှာ အကျယ်ချုပ်နေထိုင်နေရပြီး ဝန်ကြီးချုပ်နဲ့ အခုချိန်ထိ အဆက်အသွယ် မရသေးဘူးလို့ ဝန်ကြီးတစ်ဦးက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။

“ဝန်ကြီးချုပ်ကို မနေ့ညက ပြန်ခေါ်သွားပါတယ်၊ ဘယ်ကိုခေါ်သွားလဲတော့ မသိသေးဘူး၊ ဘာမှလည်း သတင်းမရသေးဘူး”လို့ ဆိုပါတယ်။

အလားတူပဲ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အဆက်အသွယ် မရသေးဘူးလို့  uec အဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခြားတိုင်းနဲ့ပြည်နယ်က ဝန်ကြီးချုပ်တွေနဲ့ NLD ပါတီ အလုပ်အမှုဆောင်တွေကိုလည်း မနေ့ညပိုင်းမှာ တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

အခုလို ခေါ်ယူထိန်းသိမ်းတာနဲ့ပတ်သက်ပြီးတော့ တပ်မတော်ဘက်က တစုံတရာ သတင်းထုတ်ပြန်ထားတာမျိုးတော့ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.