မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၁)

မော်လမြိုင်မြို့ရဲ့ (၅)ရက်မြောက် ဆန္ဒဖော်ထုတ်မှုမှာ တိုင်းရင်းသားလူငယ်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အများစု ပါဝင်လာပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ရုံးအနားထိ ဆန္ဒဖော်ထုတ် ချီတက်ခဲ့ကြပါတယ်။

မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂဦးဆောင်တဲ့ စစ်ကြောင်း ၊ မွန် ကရင် ပအိုဝ်း တိုင်းရင်းသား စစ်ကြောင်းတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်း စစ်ကြောင်းတွေဟာ မြို့အနှံ့လည့်လည် ဆန္ဒပြခဲ့ကြတာပါ။

မော်လမြိုင်တက္ကသိုလ် စစ်ကြောင်းမှာတော့ တက္ကသိုလ် ဆရာ ဆရာမတွေနဲ့ သစ်တောရုံးက အရာရှိတွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။

“စစ်အာဏာရှင်စနစ်ကို မကြိုက်လို့ ဆန္ဒဖော်ထုတ်ရတာ။ အလုပ်လုပ်တဲ့ အပိုင်းတွေမှာ လွတ်လွတ်လပ်လပ်မရှိဘူး။ ဆန္ဒပြတယ်ဆိုတာက ပြည်သူတွေနဲ့ တသားတည်း ဒီမိုကရေစီ လိုချင်လို့ တောင်းဆိုတာပါ”လို့ သစ်တောရုံးဝန်ထမ်း အရာရှိတစ်ဦးက ပြောပါတယ်။

မော်လမြိုင်တက္ကသိုလ်က ဆရာမတစ်ဦးမှလည်း “အခုဆို အသက်ငါးဆယ်ရှိပြီး။လုံးဝကို မကြိုက်ဘူး ဒီစစ်အစိုးရကို တီချယ်တို့ အမျိုးမျိုးကို ကြုံခဲ့ပြီးပြီး။ နောင်မျိုးဆက်တွေအတွက် တီချယ်တို့ လက်ထက်မှာ တိုက်ထုတ်မယ်”လို့ သူ့ရဲ့ သဘောထားကို ပြောပါတယ်။

စစ်ကြောင်းအားလုံးမှာတော့ လူငယ်အများစု ပါဝင်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှု ခံရစေဖို့ ဆန်းသစ်တဲ့ အဝတ်အစားတွေကိုလည်း ဝတ်ဆင်ခဲ့ကြပါတယ်။

ဒါ့အပြင် အချို့လူငယ်အစုအဖွဲ့တွေဟာ မော်လမြိုင် ကမ်းနားလမ်းနဲ့ ocean အရှေ့မှာ ထိုင်သပိတ်ဆင်နွှဲပြီး သူတို့သဘောထားတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။

ဒီစစ်ကြောင်းတွေဟာ မွန်ပြည်နယ်အစိုးရအဖွဲ့ ရုံးအနားထိ ချီတက်ခဲ့ကြပြီး သက်ဆိုင်ရာ ဦးဆောင်သူတွေက မိနစ်အနည်းငယ်စီ ဟောပြောခဲ့ကြပါတယ်။

ဒါ့အပြင် နေပြည်တော် ဆန္ဒဖော်ထုတ်မှုဟာ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခဲ့လို အရေးပေါ် ကုသနေရတဲ့ မြသွဲ့သွဲ့ခိုင်အတွက်လည်း တစ်မိနစ် ငြိမ်သက်ပြီး ဆုတောင်းပေးခဲ့ကြပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်အစိုးရ ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်နေတာ (၅)ရက်မြောက် ရှိခဲ့ပြီး အရှိန်အဟုန်တွေလည်း ပိုမိုမြင့်တက်လာနေပါတယ်။

ဒီကာလအတွင်းမှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒဖော်ထုတ်သူတွေ ထိပ်တိုက်တွေ့တာတွေ ရှိခဲ့ပေမယ့် အကြမ်းဖက် ဖြိုခွင်းခံရတဲ့ အခြေအနေတွေတော့ မဖြစ်ခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.