မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၁)
စစ်အစိုးရ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ မော်လမြိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး (၁၃) ဦး နှုတ်ထွက်ခဲ့ပါတယ်။
မော်လမြိုင်မြို့ပေါ်မှာ (၄၉)ရပ်ကွက် ရှိတဲ့အနက် မောင်ငံ၊ ဘိုကုန်း၊ ကျောက်တန်း၊ စစ်ကဲကုန်း၊ ရွှေတောင်၊ လှိုင်၊ ဖက်တန်း၊ မန္တလေးရပ်ကွက်၊ အောက်ကျင်း၊ ရွှေမြိုင်သီရီ၊ ကျိုက်ဖနဲ၊ ဖားအောက်နဲ့ မင်းရွာ ရပ်ကွက်က အုပ်ချုပ်ရေးမှူး (၁၃)ဦးတို့ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်သူတွေကို ဖမ်းဆီးဖို့ ဖိအားပေးတာတွေကြောင့် အခုလို နှုတ်ထွက်ရတာလို့ မောင်ငံရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“ကျွန်တော်တို့အဓိက နှုတ်ထွက်ရတဲ့အကြောင်းအရင်းက တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဆန္ဒပြနေတဲ့အချိန်မှာ ညကြီးအချိန်မတော် ဒီလိုလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့သူတွေကို လိုက်လံဖမ်းဆီးတဲ့အချိန် ကျွန်တော်တို့က အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ ပါဝင်ပြီးတော့ ဒီအိမ်က ဘယ်သူပါတယ်။ ဟိုအိမ်က ဘယ်သူပါတယ်ဆိုပြီး လက်ညှိုးထိုးပြရမယ်ဆိုရင်တော့ ဒီအလုပ်မျိုး မလုပ်နိုင်ဘူး”လို့ မောင်ငံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လင်းက ပြောပါတယ်။
ဒါ့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ချိတ်ထားတဲ့ သမ္မတ ဦးဝင်းမြင့်ပုံကို ဖြုတ်ခိုင်းတာနဲ့ ပတ်သက်ပြီးတော့လည်း သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပြည်သူတွေက ရွေးချယ်ထားတဲ့အတွက် ပြည်သူတွေအတွက် အကျိုးရှိမယ့် အလုပ်တွေကိုသာ လုပ်ချင်တယ်လို့ နှုတ်ထွက်ခဲ့တဲ့ စစ်ကဲကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“ပြည်သူလူထုအတွက် ကောင်းတာ ဘာလုပ်ပေးရမလဲ။ အကုန်လုပ်ပေးမယ်။ အဲတော့ ကျွန်တော်တို့ကို သပိတ်မတားနဲ့၊ ညည ဖမ်းတာမလုပ်နဲ့၊ ဌာနဆိုင်ရာ မသွားခိုင်းနဲ့ အဲဒါဆို ကျွန်တော်တို့ မထွက်ဘူး။ လုပ်ပေးမယ်။ အခုက မြိုနယ်ကို ပြောထားတယ်။ အဲဒါကို မနက်က ဖုန်းပြန်ဆက်တယ်။ အဲတော့ ငါ့တို့ပြောထားပြီးပြီလေဆိုတော့ မဟုတ်ဘူး ကျွန်တော်တို့က ခရိုင်ကတဲ့။ ခရိုင်က ပေးတယ်လုပ်မလား။ မလုပ်ဖူးလားဆိုတော့ မလုပ်ရင်ထွက်တယ်ကွာ ချက်ချင်းပဲ။ ညနေ ကျွန်တော်တို့ စုပြီး ထွက်လိုက်တယ်”လို့ စစ်ကဲကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်က ဆိုပါတယ်။
အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဖို့အတွက် အခြားသော ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့လည်း civil disobedience လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ နှုတ်ထွက်ခဲ့သူတွေက တိုက်တွန်းလိုက်ပါတယ်။
မွန်ပြည်နယ်က အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာတော့ ပညာရေးဝန်ထမ်း ၊ ကျန်းမာရေးဝန်ထမ်း နဲ့ အခြားသော ဌာနဆိုင်ရာဝန်ထမ်း အမြောက်အများလည်း ပါဝင်ခဲ့ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်