မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၀)

ဖေဖော်ဝါရီလ (၁၀)ရက်နေ့ မော်လမြိုင်မြို့ ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲမှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေ အများစု ပါဝင်ခဲ့ပြီး ဆန္ဒပြမှုတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြီးစီးခဲ့ပါတယ်။

ပညာရေးဝန်ထမ်းတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေ ၊ လျှပ်စစ်ဝန်ကြီးဌာန ဝန်ထမ်းတွေ ၊ LGBT အသိုင်းအဝိုင်းတွေနဲ့ ဝန်းရံသူ ပြည်သူတွေက ဆန္ဒဖော်ထုတ်မှုတွေမှာ တက်တက်ကြွကြွပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရဲအရာရှိတစ်ဦးမှလည်း ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်မှုမှာ ပါဝင်ခဲ့ပါတယ်။

ဆန္ဒပြစစ်ကြောင်းတွေ ချီတက်ရာလမ်းကြောင်းကိုတော့ ရဲတပ်ဖွဲ့က ပိတ်ဆို့မှုတချို့ ရှိခဲ့ပေမယ့် ဆန္ဒပြသူတွေက ထိပ်တိုက်မတွေ့ဘဲ ကွေ့ဝိုက်ပြီးတော့ မြို့အတွင်းမှာ လှည့်လှည် ချီတက်ခဲ့ကြပါတယ်။

ဌာနဆိုင်ရာဝန်ထမ်းတွေ အများစုပါဝင်တဲ့ စစ်ကြောင်းကတော့ မြို့တွင်းလှည့်လှည်ပြီးနောက် အဆုံးသတ်အနေနဲ့ သိပ္ပံလမ်းမှာ ထိုင်သပိတ်ကို ငြိမ်းချမ်းစွာဖော်ထုတ်ပြီး လူစုခွဲခဲ့ပါတယ်။

“အာဏာရှင်ဆန်ဆန် အမိန့်တွေနဲ့ ဖိအားပေးတယ် ဒါတွေကို မြင်ပြီးတဲ့နောက် စိတ်ရှုပ်သွားလို့ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်တာလို့” ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း သူ့ရဲ့ သဘောထားကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် “အထက်က ဖိနှိပ်တာတွေကို မခံနိုင်လို့ ဆန္ဒဖော်ထုတ်တာလို့” ပညာရေးဝန်ထမ်းတစ်ဦးမှလည်း သံလွင်တိုင်းမ်ကို ပြောပါသေးတယ်။

မော်လမြိုင်နည်းတူ အခြားမြို့နယ်တွေမှာလည်း ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အကြမ်းဖက် မခံရဘဲ (၄)ရက်မြောက်နေ့ ဆန္ဒဖော်ထုတ်မှုတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးစီးခဲ့ပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.