မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၀)

အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကြောင်း မော်လမြိုင်မြို့က ဆန္ဒဖော်ထုတ်ပွဲမှာ ရဲအရာရှိတစ်ဦးက ပြည်သူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မော်လမြိုင်မြို့မှာတော့ စစ်အစိုးရ ဆန့်ကျင်ကြောင်း လှုပ်ရှားမှုတွေကို အရှိန်အဟုန် မပျက်ဆောင်ရွက်နေပြီး ပြည်သူတွေရဲ့ ဝန်းရံမှုတွေက တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာပါတယ်။

ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာတော့ ဌာနဆိုင်ရာဝန်ထမ်းအများစုက ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ရဲအရာရှိ တစ်ဦးကလည်း ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ရဲအရာရှိဟာ “ကျွန်တော့် မိသားစုဝင်တွေကိုလည်း စွန့်လွှတ်ခဲ့ပြီးပြီး အားလုံးကိုလည်း စွန့်လွှတ်ဖို့ ပြင်ထားပြီးပြီး စစ်အာဏာရှင် စနစ်ဖြုတ်ချရေး ဒို့အရေး ဒို့အရေး ပြည်သူ့ရဲ ပြည်သူ့ရဲ” ဆိုပြီး ဟစ်ကြွေးကာ သူ့ရဲ့ ဆန္ဒကို ဖော်ထုတ်ခဲ့ပါတယ်။

မော်လမြိုင်နည်းတူ ကယားပြည်နယ်မှာလည်း ရဲတပ်ဖွဲ့ဝင် (၄၀)ကျော်ဟာ ဒီကနေ့မှာ ပြည်သူတွေနဲ့ ပူးပေါင်း ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ ပြည်တွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

မော်လမြိုင်မြို့က ပြည်သူ့ဆန္ဒဖော်ထုတ်မှုတွေမှာတော့ လုံထိန်းရဲတပ်ဖွဲ့တွေက ပိတ်ဆို့မှုတချို့ ပြုလုပ်ခဲ့ပေမယ့် ဆန္ဒပြသူတွေဟာ ရှောင်ကွင်းချီတက်ခဲ့လို့ ထိပ်တိုက်တွေ့တဲ့ အခြေအနေတွေတော့ ဖြစ်မလာခဲ့ပါဘူး။

အခြားတိုင်းနဲ့ပြည်နယ်တွေမှာတော့ ဆန္ဒဖော်ထုတ်သူတွေနဲ့ လုံထိန်းရဲတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ပြီး အကြမ်းဖက် ဖြိုခွင်းခံရတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.