မော်လမြိုင် ၊ ဖေဖော်ဝါရီ (၉)

အာဏာသိမ်း စစ်အစိုးရရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်မှာ ပါဝင်ဖို့ ဆုံးဖြတ်ထားတဲ့ကိစ္စကို ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ပြန်လည်ဆွေးနွေးသွားဖို့ ရှိတယ်လို့ မွန်ညီညွတ်ရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ ဖေဖော်ဝါရီလ (၆)ရက်နေ့မှာ ပါတီဗဟိုအလုပ်အမှုဆောင် အများစု ဆုံးဖြတ်ခဲ့ပြီးနောက် ပါတီအတွင်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပြီး ပြည်သူတွေရဲ့ ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ကို လက်မခံတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၂ဦးက အရေးပေါ်ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူပြီး ပြန်လည်ဆွေးနွေးဖို့ လက်မှတ်ထိုး တောင်းဆိုခဲ့ပါတယ်။

ဒါကြောင့် လာမယ့် ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးခေါ်ပြီး စစ်အုပ်ချုပ်ရေး ကောင်စီမှာ ပါဝင်မယ့်ကိစ္စကို ပြန်လည်ဆွေးနွေး ဆုံးဖြတ်သွားမယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

“CEC က ခြေကျွံထားတဲ့ ဆုံးဖြတ်ချက်ကို ဗဟိုကော်မတီအစည်းအဝေးမှာ ပြန်ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက် ယူပါမယ်၊ ဗဟိုကော်မတီဝင် အစည်းအဝေးကတော့ ၁၂ ရက်နေ့မှာ လုပ်မယ်” လို့ ပါတီဗဟိုကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ပါတီဗဟိုအလုပ်အမှုဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကြောင့် ပါတီအတွင်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့လို့ အရင်စလို မဆုံးဖြတ်ဘဲ ဗဟိုကော်မတီတွေနဲ့ ပြန်လည် ညှိနှိုင်းဖို့ လိုအပ်နေတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက ဆိုပါတယ်။

“ကျွန်တော်တို့ကတော့ လက်မခံသင့်ဘူးဆို့တဲ့ဘက်က ဆွေးနွေးပေးခဲ့တာပေါ့ အခုချိန်မှာ တအားရှုပ်ထွေးနေတဲ့ကာလဖြစ်တယ် နောက်တစ်ခုက ကျွန်တော်တို့ပါတီက ပေါင်းစည်းပြီး ဖြစ်တည်လာတဲ့ပါတီတစ်ခုဖြစ်တဲ့အခါကျတော့ စည်းလုံးညီညွတ်မှု အရမ်းပျက်ပြားသွားမှာ စိတ်ပူတယ်၊ ဒါကြီးကိုဆုံးဖြတ်လိုက်တော့ ပါတီမှာ တော်တော်ဂယက်ရိုက်သွားတယ် အဲဒါကြောင့်မို့ ဒါကို အရင်စလို မဆုံးဖြတ်ကြပါနဲ့ လက်မခံပါနဲ့အုံး (ကော်မတီဝင်) CC နဲ့ ပြန်ညှိနှိုင်းဖို့လိုတယ် နောက်တစ်ခုက ပါတီရဲ့ အခြေခံစည်းမျဥ◌်းထဲကိုက အာဏာရှင်စရိုက်တွေ လူမျိုးကြီးဝါဒတွေ အားမပေးဖို ပါတယ် အဲဒါကိုလည်း ထောက်ပြကြတယ်”လို့ ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ နိုင်ငံရေး အတွေ့အကြုံတွေအရ ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းကို လျှောက်မယ်ဆိုရင် အသက်သွေးကြောင်းစီးတဲ့ ဖြစ်ရပ်တွေ ရှိနိုင်တာကြောင့် တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တာလို့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.