မော်လမြိုင် ၊ ဇန်နဝါရီ (၄)

ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမိုများပြားလာတယ်လို့  မွန်ပြည်သစ်ပါတီ သထုံခရိုင်ဥက္ကဌ နိုင်ဧက က ပြောပါတယ်။

သထုံခရိုင် ထိန်းချုပ်နယ်မြေထဲက မွန်ပြည်သစ်ပါတီ ဌာနချုပ်မှာတော့ မူးယစ်ဆေးဖြတ်တာတွေကို ဆောင်ရွက်ပေးတဲ့အပြင် ဖမ်းဆီးအရေးယူမှုတွေကိုလည်း လုပ်ဆောင်နေတာပါ။

ကိုဗစ်ကာလမှာ အလုပ်အကိုင်မရှိဘဲ အားလပ်ချိန် များလာတာတဲ့အတွက် လူငယ်တွေဟာ ဈေးပေါပေါနဲ့ အလွယ်တကူဝယ်ယူရရှိနေတဲ့ မူးယစ်ဆေးဝါးတွေကို ပိုမိုသုံးစွဲလာကြတယ်လို့ မွန်ပြည်သစ်ပါတီ သထုံခရိုင်ဥက္ကဌ နိုင်ဧက က ပြောပါတယ်။

“ဒီဒေသမှာ၊ ရွာမှာ(မွန်ပြည်သစ်ထိန်းချုပ်ဒေသ)ကျတော့ သုံးစွဲတဲ့သူတွေ များလာတယ်၊ ဒီကိုဗစ်ကာလ ပေါ့နော်၊ ဘာဖြစ်လည်းဆိုတော့ သူတို့က သွားလာရေးအခက်အခဲရှိလာတာလည်း ရှိမယ်၊ ကန့်သတ်မှုတွေ ရှိတာ လည်းရှိမယ်၊ နောက်အလုပ်ကိစ္စတွေ မလုပ်ရတာများတော့ အားတဲ့သူတွေ များလာတယ်ပေါ့၊ ဒီမူးယစ်ဆေးဘက်ကို သုံးစွဲတဲ့ဘက်ကို အားသာလာကြတယ်၊ အဲလိုသုံးစွဲသူတွေများလာတဲ့အခါကျတော့ မိဘပြည်သူတွေက ကျွန်တော်တို့ ဆီလာပြီး ပြောကြတယ်ပေါ့၊ ဘာဖြစ်လို့ မူးယစ်ဆေးဝါးပျံ့နှံ့မှု များလာတာလည်း၊ သုံးစွဲတဲ့သူတွေလည်း များလာ တယ်၊ မဖမ်းတော့ဘူးလား၊ အရေးမယူတော့ဘူးလား၊ အဲလိုမျိုးပြောလာကြတယ်ပေါ့၊ အဲဒါကြောင့် လွန်ခဲ့တဲ့ ၂ လမှာ ကျွန်တော်တို့ စစ်ဆေးဖမ်းဆီးအရေးယူတဲ့အပိုင်းတွေ တော်တော်လေးပိုလာတယ်၊ အယောက်တစ်ရာလောက် အခုဖြစ်လာတယ်ပေါ့”လို့ ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် ဖမ်းဆီးအရေးယူမှုတွေကို မွန်ပြည်သစ်ပါတီက အရင်ကထက် ပိုမို ဆောင်ရွက်ခဲ့ရပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေထဲမှာတော့ အမျိုးသမီးက(၁၅)ရာခိုင်နှုန်းပါဝင်ပြီး အသက်(၃၅)နှစ်အောက်နဲ့ လူငယ် တွေ အများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။

“ဟိုတပတ်ထဲက တစ်ရက်ဘဲ ကျွန်တော်တို့ စစ်ဆေးလိုက်တာပေါ့နော်၊ (၂၅)ယောက်လောက်က တစ်ရက်ထဲကို ရတယ်၊ အဲဒါက သွားဝယ်တာ ပွဲတော်လိုမျိုးဘဲ၊ ဆေးသွားဝယ်တဲ့သူနော်၊ အဲဒါ လူနဲ့ဆေးနဲ့မိပြီးတော့ ကျွန်တော်ဒီမှာ ထိန်းသိမ်းထားတာ တစ်ရက်ထဲကို (၂၆)ယောက်လောက်ကို ရှိတယ်။ အခုကျွန်တော်တို့ ဖမ်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ လူဦးရေ အမျိုးသမီးက (၁၀)ရာခိုင်နှုန်း၊ (၁၅)ရာခိုင်နှုန်းလောက်ရှိမယ်၊ များသောအားဖြင့် ဖြန့်ဝေတဲ့သူတွေ ဖမ်းမိထားတာပေါ့နော်၊ ယောကျာ်လေးကျတော့ များသောအားဖြင့် လူငယ်ပိုင်းက များတယ်၊ လူကြီးပိုင်းက နည်းတာပေါ့နော်၊ များသောအားဖြင့် အသက်(၃၅)နှစ်အောက် များတာပေါ့နော်”လို့ နိုင်ဧကက ဆိုပါတယ်။

ဒီလိုမူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိတဲ့သူတွေကို အရေအတွက်ပေါ်မူတည်ပြီး အရေးယူမှုတွေ ဆောင်ရွက်နေသလို မူးယစ်ဆေးဝါးသုံးစွဲပြီး မိဘတွေကိုယ်တိုင်က မထိန်းနိုင်တဲ့သူတွေကိုလည်း မွန်ပြည်သစ်ပါတီ ထံသို့ အပ်နှံပြီး ဆေးဖြတ်ခိုင်းတာတွေလည်း ရှိနေပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.