မော်လမြိုင် ၊ ဒီဇင်ဘာ (၃၁)

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုမှာ လက်နက်ကိုင်တွေ ပါဝင်ဆက်နွဲနေတယ်လို့ မွန်ပြည်သစ်ပါတီ သထုံခရိုင် ဥက္ကဋ္ဌ နိုင်ဧက က ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ မူးယစ်ဆေးဝါး သုံးစွဲမှုဟာ ကျယ်ပြန့်လာပြီး အထူးသဖြင့် လူငယ်တွေအကြားမှာ ပိုမိုသုံးစွဲနေတယ်လို့ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာလည်း ဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါးပပျောက်ရေးနဲ့ ဖမ်းဆီးအရေးယူနိုင်မှုကိစ္စတွေမှာ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီတို့က အတူတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူထားကြပါတယ်။

အာ့လိုဆောင်ရွက်ရာမှာ မူးယစ်ဆေးဝါးဖောက်ကားရောင်းဝယ်သူတွေဟာ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆက်နွယ်နေတာကို တွေ့ရှိရတယ်လို့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

“ဒီမူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီလုပ်ငန်းကြီးပိုင်းပေါ့နော်၊ နည်းနည်း ကြီးကြီးကျယ်ကျယ်လုပ်တဲ့သူကျတော့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်တာရှိတယ်၊ ဖမ်းတဲ့နေရာမှာလည်း ကျွန်တော်တို့ မိထားတဲ့ ရောင်းတဲ့သူတွေက လက်နက်ကိုင်အဖွဲ့နဲ့ပတ်သက်တာရှိတယ်၊ ကျွန်တော်တို့ မိထားတာလည်း ရှိတယ်ပေါ့နော်၊” မွန်ပြည်သစ်ပါတီ သထုံခရိုင် ဥက္ကဋ္ဌ နိုင်ဧက က ပြောပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းထိ စာရင်းတွေအရ ပြည်နယ်အတွင်းမှာ မူယစ်းဆေးဝါးအမှု (၇၇၁) မှုကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။

အာ့ဒီအထဲမှာ wy ဆေးပြားအမှုတွေက အများဆုံးပါဝင်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေဟာ ပိုမိုကြီးထွားလာတယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးဦးစီး ထွန်းထွန်းက ပြောပါတယ်။

“၂၀၁၉ ခုနှစ်အတွင်း မူယစ်ဆေးဝါးအမှုပေါင်း (၄၆၀)မှုဖမ်းဆီးနိုင်ခဲ့တယ်၊ ၂၀၂၀ ပြည့်နှစ်(ဇန်နဝါရီလမှ နိုဝင်ဘာလအထိ) (၇၇၁)မှုကို ဖမ်းမိတာပေါ့၊ များသောအားဖြင့် စိတ်ကြွရူးသွပ်ဆေးပြား WY စိတ်ကြွရူးသွပ်ဆေးပြားတွေပေါ့၊ သိန်းချီပြီး မိလိုက်လို့ရှိရင်လည်း WY စိတ်ကြွရူးသွပ်ဆေးပြားတွေပဲ၊ ဒီမူးယစ်ဆေးဝါးတွေက ထောင် (၁၀)နှစ်၊ (၁၅)နှစ်တို့ ကျတယ်ဆိုတာ ဘယ်လောက်ပဲ ပြောပြော ငွေရလိုတဲ့ စိတ်နဲ့ကျတော့ ဒီဟာက ဘယ်လိုမှ တားလို့မရတဲ့ ထိန်းမရအောင် ကြီးထွားလာတယ်ပေါ့နော်၊ နောက်ပြီး ဒီလူတွေက ထောင်ထဲရောက်ပြီးလို့ ပြစ်ဒဏ်ကျပြီးလို့ ပြန်ထွက်လာပြီး ဆိုလို့ရှိရင်လည်း ဒီအလုပ်ကိုပဲ စွဲစွဲမြဲမြဲပြန်လုပ်တာဖြစ်တဲ့အတွက် အဲဒါကြောင့် မူးယစ်ဆေးဝါးအမှုတွေက ပိုပြီး ကြီးထွားလာတယ်ပေါ့”လို့ ပြောပါတယ်။

အခုလို ဖမ်းဆီးရမိတဲ့ အမှုတွေမှာဆိုရင် မူးယစ်ဆေးဝါးနဲ့အတူ လက်နက်တွေပါ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ သဘောတူညီချက်တွေ ယူထားပေမယ့် အချို့နေရာတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း မွန်ပြည်သစ်ပါတီက ဆိုပါတယ်။

“NCA (အပစ်ရပ်) လက်မှတ်ကို အစိုးရနဲ့ ရေးထိုးထားတဲ့အခါကျတော့၊ ပြီးတော့ ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်တာ ကျတော့ တချို့နေရာ နည်းနည်းကြီးကျယ်တဲ့နေရာကျတော့ ပူးတွဲလုပ်ကြဖို့ ရှိတဲ့ဟာလည်း ရှိကြတာပေါ့နော်။ ချမှတ်ထားတာရှိတာပေါ့နော်၊ ဒါပေမယ့် ပကတိလက်တွေ့ လှုပ်ရှားလုပ်ကိုင်တဲ့နေရာမှာ များသောအားဖြင့်က ကျွန်တော်တို့ ဒေသနဲ့ဝေးတဲ့တစ်နေရာမှာဆိုလို့ရှိရင် ကျွန်တော်တို့ လုပ်ရတာနည်းနည်းခက်ခဲတယ်ပေါ့၊ အစိုးရအပိုင်းက နိုင်ငံတော်အပိုင်းက တားမြစ်တာရှိတယ်၊ ဟိုးအရင်တုန်းက မနှစ်တုန်းက ဒီမော်လမြိုင်ခရိုင်(မွန်ပြည်သစ်ပါတီရုံးဆိုက်ရာ) သူတို့ဧရိယာဘက်ကျတာနဲ့ ဖမ်းတာကို တားမြစ်တယ်ပေါ့လေ၊ များသောအားဖြင့် ကျွန်တော်တို့ လှုပ်ရှားတာက ကျွန်တော်တို့ ဧရိယာထဲကဘဲ ဖမ်းတာပေါ့နော်”လို့ မွန်ပြည်သစ်ပါတီ သထုံခရိုင် ဥက္ကဋ္ဌ နိုင်ဧက က ပြောပါတယ်။

မွန်ပြည်သစ်ပါတီက မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိရင် ရောင်းဝယ်သူများကို အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၂ နှစ်နှင့် ငွေဒဏ်ကိုလည်းကောင်း၊ သုံးစွဲသူတွေကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ လနှင့် ငွေဒဏ်တို့ဖြင့် လည်းကောင်း အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.