USDP ထောက်ခံသူတွေ အောက်တိုဘာလ(၂၀)ရက်နေ့က မော်လမြိုင်မြို့မှာ လှည့်လည်အင်အားပြစဉ်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၆

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို မကျေနပ်တဲ့အတွက် မွန်ပြည်နယ် မြို့နယ်အားလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝန်းရံသူတွေက ဆန္ဒဖော်ထုတ်မယ်လို့ USDP ပါတီ မွန်ပြည်နယ် အတွင်းရေးမှူးက ပြောပါတယ်။

ဆန္ဒဖော်ထုတ်ပွဲတွေကို ဒီဇင်ဘာလအတွင်းမှာ ဆက်တိုက် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ဝန်းရံသူတွေက အခုလို ဆန္ဒဖော်ထုတ်တာလို့ ဆိုပါတယ်။

“အဓိက အကြောင်းကတော့ UEC မှာ ကျွန်တော်တို့ပါတီစုံကနေပြီးတော့ အိတ်ဖွင့်ပေးစာပို့ထားတယ်။ သမ္မတဆီပေးတယ်။ အဲထဲမှာ တောင်းဆိုထားတဲ့အချက်တွေပါတယ်။ လွတ်လပ်သော စုံစမ်းရေးကော်မတီ ဖွဲ့ပေးဖို့၊ မဲစာရင်း ကိန်းကဏန်းတွေကိူ တရားဝင် ရေးကူးခွင့်ပေးဖို့၊ မဲမသမာမှုတွေကို ဖော်ထုတ်ပေးဖို့တောင်းဆိုထားတယ်။ အဲအချက်တွေကို တရားဝင်ထုတ်ပြန်ပေးတာ။ အကောင်ထည်ဖော်ပေးတာမရှိတဲ့အတွက် ပါတီ ဝန်းရံသူတွေက အားမလို အားမရဖြစ်ပြီး ဆန္ဒထုတ်ဖော်မယ်ဆိုပြီး တောင်းဆိုတာပါ”လို့ USDP ပါတီ မွန်ပြည်နယ် အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောပါတယ်။

ပထမဆုံးအနေနဲ့တော့ သံဖြူဇရပ်မြို့နယ် USDP ပါတီဝန်းရံသူတွေက ဒီဇင်ဘာလ (၁၅)ရက်နေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက မတရားမှုမှန်သမျှ ဆန်ကျင်ကြ၊ မဲစာရင်းမမှန်တဲ့ ရွေးကောက်ပွဲအယုံကြည်မရှိ၊ ကလေးတွေမဲပေးတဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ ပွင့်လင်းမြင်သာခြင်းမရှိသော ရွေးကောက်ပွဲ‌ေကာ်မရှင် အလိုမရှိ၊ နိုင်ငံငွေကြေးဖြင့် မဲဆွယ်စည်းရုံးခြင်း အလိုမရှိ၊ တစ်နိုင်ငံလုံးရှိ မဲမသမာမှုများအား ဝိုင်းဝန်းစစ်ဆေး ဖော်ထုတ်ပေးရေး ဒို့အရေး၊ လွတ်လပ်သော စုံစမ်းရေးကော်မတီ ဖွဲ့စည်းရေး ဒို့အရေး စတဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။

မွန်ပြည်နယ်အတွင်းမှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို USDP ပါတီဟာ နေရာအပြည့် ယှဉ်ပြိုင်ခဲ့ပေမယ့် တစ်နေရာမှ အနိုင်မရရှိခဲ့ပါဘူး။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.