မော်လမြိုင် ၊ ဒီဇင်ဘာ (၁၄)

မွန်ပြည်နယ်အတွင်းမှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲဆွယ်ကုန်ကျစရိတ်တင်သွင်းဖို့ ပျက်ကွက်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၆) ဦး ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ မွန်ပြည်နယ်အတွင်းမှာ ကိုယ်စားလှယ်လောင်း (၂၅၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

အာ့ဒီအထဲက သထုံခရိုင်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၄)ဦးနဲ့ မော်လမြိုင်ခရိုင်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၂) ဦးကတော့ သတ်မှတ်ရက် ကျော်လွန်နေပြီး ဖြစ်ပေမယ့် မဲဆွယ်ကုန်ကျစရိတ် တင်သွင်းဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။

မဲဆွယ်ကုန်ကျစရိတ်မတင်သွင်းသူတွေကိုတော့ အရည်အချင်းပျက်ယွင်းသူအဖြစ်သတ်မှတ်သင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အစီရင်ခံစာ တင်ပြသွားမယ်လို့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်စိုးမြင့်က ပြောပါတယ်။

“အစီရင်ခံမှာတော့ သူတို့ကို အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်သင့်ကြောင်း မှတ်ချက်နဲ့အတူ အစီရင်ခံစာတင်ရတယ်။ အဲလိုတင်ပြီးလို့ ၁၅ရက်အတွင်းမှာ သူတို့က အယူခံပြန်ဝင်လို့ရတယ်။ သူတို့အယူခံပြန်ဝင်ရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မတီက ခုံအဖွဲ့ဖွဲ့ပြီးတော့ သူတိုကို အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်မလား။ မသတ်မှတ်လားက သူတို့အပေါ်မှာ မူတည်တယ်”လို့ ဆိုပါတယ်။

အာ့ဒီလို အစီရင်ခံစာတင်ပြီး (၁၅)ရက်အတွင်းမှာတော့ မဲဆွယ်ကုန်ကျစရိတ် တင်သွင်းဖို့ ကျန်တဲ့ ကိုယ်စားလှယ်လောင်းတွေက အယူခံ ဝင်နိုင်ပါသေးတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အဆိုပါ ကိုယ်စားလှယ်လောင်းတွေကို အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် ထပ်မံကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမှာ မဟုတ်တော့ပါဘူး။

ကော်မရှင်ထံ လာရောက်တင်သွင်းထားတဲ့ စာရင်းတွေအရတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆွယ်ကုန်ကျစရိတ်ကို ကျပ်သိန်း(၁၀၀)ထက် ပို၍ သုံးစွဲထားသူ မရှိဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.