မော်လမြိုင် ၊ ဒီဇင်ဘာ (၉)

ဒီဇင်ဘာ ၈ ရက်နေ့အထိစာရင်းတွေအရ မွန်ပြည်နယ်မှာ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်း  (၂၁၉ )  ဦးသာ ရှိပါသေးတယ်။

ရွေးကောက်ပွဲကုန်ကျစရိတ်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ရဲ့  အမည်ကို ကြေညာတဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ရက်ပေါင်း ၃၀ အတွင်း တင်သွင်းရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၂၅၇ ဦးထဲမှာ ဒီဇင်ဘာ ၈ ရက်နေ့အထိ မော်လမြိုင်ခရိုင်မှာ ၁၂၂ ဦး၊ သထုံခရိုင်မှာ ၉၇ ဦးကတော့ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းထားကြပြီးဖြစ်ပါတယ်။

“စုစုပေါင်းက ၁၀၈ ယောက် တင်ရမှာပေါ့ဗျာ ၁၀၈ ယောက်တင်ရမှာကို မနေ့ကအထိ ၉၇ ယောက် လာပြီး တင်ပြီးသွားပါပြီ” ဟု သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်နိုင်ဦးက ပြောပါတယ်။

ကုန်ကျစရိတ် တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ သတ်မှတ်ငွေကြေးပမာဏထက် ပိုမိုသုံးစွဲထားတဲ့ ကိုယ်စားလှယ်လောင်း မရှိဘူးလို့လည်း သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်း မတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ အရည်အချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး ထပ်မံကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမှာမဟုတ်တော့ဘူးလို့ ဆိုပါတယ်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တစ်ဦးဟာ မဲဆွယ်စည်းရုံးခွင့်ပြုသည့်နေ့မှစ၍ အသုံးပြုထားသည့် အသုံးစရိတ်များအပါအဝင် စုစုပေါင်းငွေကျပ်သိန်း ၁၀၀ ထက် ပိုမိုသုံးစွဲခြင်း မပြုရလို့ ရွေးကောက်ပွဲနည်းဥပဒေမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.