ဒီဇင်ဘာ ၃၊ ၂၀၂၀

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း (၂၅၇) ဦးထဲမှာ (၁၀၉) ဦးသာ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို ပြန်လည် ထုတ်ယူခွင့် ရခဲ့ပါတယ်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ အမည်စာရင်းတင်သွင်းလွှာနဲ့အတူ ကော်မရှင်ကို ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကျပ် ၃ သိန်း ပေးသွင်းထားရပါတယ်။

ဒီအာမခံငွေ (၃)သိန်းကိုတော့ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေနဲ့အတူ ရွေးကောက်မခံရပေမယ့် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံနဲ့အထက် ရရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကသာ ပြန်လည် ထုတ်ယူခွင့် ရှိပါတယ်။

ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သူတွေထဲမှာမှ ခိုင်လုံမဲ ရှစ်ပုံတစ်ပုံအထက် ရရှိခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၁၀၉) ဦးသာ အာမခံငွေ ပြန်လည် ထုတ်ယူရမယ် လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

“ကိုယ်စားလှယ်လောင်းတွေရဲ့ ရတဲ့ ခိုင်လုံမဲကိုတွက်တာပေါ့နော် ၁၂ ဒသမ ၂၅ ရာခိုင်နှုန်းနဲ့အထက်ဆိုရင် အာမခံငွေ ၃ သိန်းကို ပြန်ထုတ်ပေးပါတယ်”လို့ ဆိုပါတယ်။

အာမခံငွေထုတ်ယူခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းတွေကတော့ အကြောင်းကြားတဲ့နေ့ကနေ (၆)လအတွင်း လာရောက် ထုတ်ယူရမှာ ဖြစ်ပါတယ်။

ပြန်လည်ထုတ်ယူခွင့်မရှိတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အာမခံငွေတွေကိုတော့ ကော်မရှင်ကနေ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမှာ ဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ကိုယ်စားလှယ်(၄၅) ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး NLD ပါတီက (၃၄) ဦးနဲ့ မွန်ညီညွတ်ရေးပါတီက (၁၁) ဦး အသီးသီး အနိုင်ရခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.