မော်လမြိုင် ၊ ဒီဇင်ဘာ (၄)

ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ မွန်ပြည်နယ်အတွင်း အိမ်တွင်းအကြမ်းဖက်မှု မြင့်တက်လာပြီး ကလေးသူငယ်တွေလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ပိုမိုများပြားခဲ့တယ်လို့ ဝေါလ်ဗီရှင်းမြန်မာရဲ့ ပေါင်မြို့နယ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းမန်နေဂျာက ပြောပါတယ်။

ကိုဗစ်-၁၉ ကာလမှာ စီးပွာရေးကြပ်တည်းလာတာနဲ့အတူ အမျိုးသမီးအပေါ် အကြမ်းဖက်မှုခံရတဲ့ ဖြစ်စဉ်တွေဟာ အရင်ကထက် အဆမတ တိုးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သက်ငယ်မုဒိန်းဖြစ်စဉ်တွေကလည်း ပိုမိုများပြားခဲ့ပြီး ဖြစ်စဉ်အများစုကတော့ သူစိမ်းတွေက မဟုတ်ဘဲ ဆွေးမျိုးနီးစပ်သူတွေရဲ့ ကျူးလွန်မှုတွေကြောင့် ဖြစ်တာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်တွေကို သက်ဆိုင်ရာဌာနတွေမှာလည်း တိုင်ကြားဖို့ အခက်အခဲတွေ ရှိတာကြောင့် လူအများ မသိရဘဲ အောက်ခြေမှာဘဲ အများစုက ပြီးပြတ်သွားတယ်လို့ ဝေါလ်ဗီရှင်းမြန်မာ၊ ပေါင်မြို့နယ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းမန်နေဂျာ ဒေါက်တာ မိုးသက်ထူးက ပြောပါတယ်။

” ဒီကိုဗစ်ကာလအတွင်းမှာ အရမ်းကို ပင်ပန်းဆင်းရဲကြတယ်၊ ရုန်းကန်ရတယ်ပေါ့နော်၊ ကိုယ့်ရဲ့အသက်မွေး ဝမ်းကြောင်းအတွက် ရုန်းကန်နေရတယ်၊ တပြိုင်ထဲမှာပဲ ခဏကဆိုခဲ့သလိုပဲ အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ဖြစ်ပွားခဲ့တယ် ပေါ့နော်၊ ကလေးသူငယ်မှုခင်းတွေလည်း ပိုပြီးများလာတာရှိတယ်၊ တချို့နေရာတွေမှာဆိုလို့ရှိရင် မွန်ပြည်နယ်ထဲမှာလည်း အဲလိုပဲပေါ့နော်၊ လတိုင်းပေါ့နော်၊ ရှိနေတယ်၊ ကလေးသူငယ်မှုခင်းတွေ ရှိနေတယ်၊ ကဏ္ဍအနေနဲ့ ပြောရရင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ရှိတယ်ပေါ့၊ တနေရာနဲ့ တနေရာကတော့ ဖြစ်ပွားမှုချင်းက မတူဘူးပေါ့နော်၊ အခုလက်ရှိ တွေ့နေရတယ် အများဆုံးပေါ့နော်၊ ဒီသတင်းတွေတက်လာတယ်၊ ဒီဖြစ်စဉ်တွေ ဖြစ်သွားတာက လိင်ပိုင်းဆိုင်ရာက အများဆုံး ဖြစ်နေပါတယ်။ တချို့သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေကတော့ ကျူးလွန်ခဲ့တာဆိုပေမယ့် အသံထွက်လာတဲ့ အထိတော့ မတွေ့ရဘူး၊ အောက်ခြေမှာနဲ့ ပြီးပြတ်သွားတယ်ပေါ့နော်”လို့ ဆိုပါတယ်။

ကိုဗစ်ကာလ စီးပွားရေးကြပ်တည်းလာနဲ့အတူ မြန်မာနိုင်ငံအတွင်းက အိမ်ထောင်စု (၁၅) ရာခိုင်နှုန်းကျော်ရဲ့ ကလေးတွေကို လုပ်ငန်းခွင်ထဲ ပို့ဆောင်ခဲ့တာကြောင့် အခုလို အကြမ်းဖက်မှုတွေ ပိုမိုများပြားခဲ့တာဖြစ်ကြောင်း World Vision Myanmar ရဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့ ကိုဗစ် ၁၉ ကာလအတွင်း ကလေးသူငယ်များရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာအခက်အခဲများအကြောင်း ကလေးသူငယ်များက ထုတ်ဖော်ပြောဆို ဆိုတဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.