ချောင်းဆုံမြို့တွင် MUPဝန်းရံသူများ လှည့်လည်အင်အားပြစဉ်

မော်လမြိုင် ၊ ဒီဇင်ဘာ (၃)

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တစ်ချို့အပေါ် သံသယရှိတဲ့အတွက် ပြန်လည်စိစစ်နေတယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောပါတယ်။

မွန် ၊ ကရင် ၊ တနင်္သာရီ ၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း တို့မှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ မွန်ညီညွတ်ရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ (၁၂) နေရာ အနိုင်ရရှိခဲ့ပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ရေးမြို့နယ်မှာသာ နေရာအပြည့် အနိုင်ရခဲ့ပြီး ချောင်းဆုံ ၊ သံဖြူဇရပ် ၊ ကျိုက်မရောနဲ့ မုဒုံမြို့နယ်တို့မှာ နေရာအနည်းငယ်သာ အနိုင်ရခဲ့တာပါ။

ပါတီအနေနဲ့ ရှုံးနိမ့်ခဲ့တဲ့ မြို့နယ်တစ်ချို့က မဲရလဒ်တွေကို သံသယရှိတဲ့အတွက် ကိုယ်စားလှယ်လောင်းတွေနဲ့ အောင်နိုင်ရေးအဖွဲ့တွေက မဲရလဒ်တွေကို ပြန်လည် စိစစ်နေတယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက  ဆိုပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ သုံးသပ်ချက်ကတော့ ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်ပြီးတော့ မအောင်မြင်တဲ့ လွှတ်တော်အချို့ မဲဆန္ဒနယ်အချို့တွေမှာ သံသယဖြစ်နေတဲ့အနေအထားမှာရှိနေတဲ့အတွက် အဲဒီရှုံးထားတဲ့နေရာတွေကို ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေနဲ့ မြို့နယ်အောင်နိုင်ရေးကော်မတီတွေက လေ့လာစိစစ်နေဆဲအခြေအနေမှာရှိနေတဲ့အတွက် လက်ရှိရွေးကောက်ပွဲအပေါ ရလဒ်အပေါသဘောထားကိုတော့ ချမှတ်ဖို့ စောသေးတယ်လို့ ဆုံးဖြတ်ဖြစ်တယ်”လို့ ဆိုပါတယ်။

အခြားတိုင်းနဲ့ပြည်နယ်တွေမှာတော့ ရွေးကောက်ပွဲရလဒ်အပေါ် မေးခွန်းထုတ် ကန့်ကွက်တာတွေ ရှိပေမယ့် မွန်ပြည်နယ်အတွင်းမှာတော့ နိုဝင်ဘာ လကုန်ပိုင်းအထိ ကန့်ကွက်သူ မရှိသေးပါဘူး။

နိုင်ငံရေးပါတီ (၁၆)ခု ဝင်ရောက်ယှဉ်ပြိုင်တဲ့ မွန်ပြည်နယ်မှာတော့ လွှတ်တော်နေရာအားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၃၄) နေရာနဲ့ မွန်ညီညွတ်ရေးပါတီက (၁၁)နေရာ အသီးသီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအနိုင်ရပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မယ်ဆိုတဲ့ NLD ရဲ့ အိတ်ဖွင့်စာကိုလည်း မွန်ညီညွတ်ရေးပါတီက အပြုသဘောနဲ့ ကြိုဆိုထားပါတယ်။

ရွေးကောက်ပွဲကျင်းပပြီးချိန်မှာတော့ အနိုင်ရ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း (၃) ဦးကို ရွေးကောက်ပွဲနည်းဥပဒေနဲ့ မညီဘဲလုပ်ဆောင်တယ်ဆိုပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ မွန်ညီညွတ်ရေးပါတီတို့ရဲ့ မဲရုံကိုယ်စားလှယ်တွေက အမှုဖွင့်ထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.