မော်လမြိုင် ၊ ဒီဇင်ဘာ (၂)

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေကို နိုဝင်ဘာလကုန်ပိုင်းထိ မွန်ပြည်နယ်မှာ ကန့်ကွက်သူမရှိဘူးလို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။

ရွေးကောက်တင်မြောက်ခံရတဲ့ ကိုယ်စားလှယ် ဒါမှမဟုတ် ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်တဲ့ ကန်ကွက်စာတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲရလဒ်များ ကြေညာတဲ့နေ့မှစပြီး ၄၅ ရက်အတွင်း ကော်မရှင်ကို တင်သွင်းနိုင်တယ်လို့ ရွေးကောက်ပွဲနည်းဥပဒေမှာ ဖော်ပြထားပါတယ်။

အခြားတိုင်းနဲ့ပြည်နယ်တွေမှာတော့ ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်ပြီး usdp ပါတီထောက်ခံသူတွေက ကန့်ကွက်ဆန္ဒပြနေသလို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလည်း မဲရလဒ်တွေအပေါ် မေးခွန်းထုတ်နေတာပါ။

မွန်ပြည်နယ်အတွင်းမှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုဝင်ဘာလကုန်ပိုင်းအထိ ကန့်ကွက်သူ မရှိသေးဘူးလို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

“အခုထိတော့ လာတင်တဲ့သူ မရှိသေးဘူး ။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ကန့်ကွက်ခဲ့သူ မရှိဘူး ။ ခုတော့ ရှိကောင်းရှိလာနိုင်တယ် မရှိရင်တော့ ပိုကောင်းတာပေါ့”လို့ ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီကတော့ ရှုံးသွားတဲ့ မြို့နယ်တစ်ချို့က မဲရလဒ်တွေအပေါ် သံသယရှိတဲ့အတွက် ကိုယ်စားလှယ်လောင်းတွေနဲ့ အောင်နိုင်ရေးအဖွဲ့တွေက ပြန်လည် စိစစ်နေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ သုံးသပ်ချက်ကတော့ ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်ပြီးတော့ မအောင်မြင်တဲ့ လွှတ်တော်အချို့ မဲဆန္ဒနယ်အချို့တွေမှာ သံသယဖြစ်နေတဲ့အနေအထားမှာရှိနေတဲ့အတွက် အဲဒီရှုံးထားတဲ့နေရာတွေကို ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေနဲ့ မြို့နယ်အောင်နိုင်ရေးကော်မတီတွေက လေ့လာစိစစ်နေဆဲအခြေအနေမှာရှိနေတဲ့အတွက် လက်ရှိရွေးကောက်ပွဲအပေါ ရလဒ်အပေါသဘောထားကိုတော့ ချမှတ်ဖို့ စောသေးတယ်လို့ ဆုံးဖြတ်ဖြစ်တယ်” မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး နိုင်လယိတမက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအပါအဝင် နိုင်ငံရေးပါတီ (၁၆)ခုက ကိုယ်စားလှယ်လောင်း (၂၅၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၄၅) ဦးကို ရွေးကောက်တင်မြောက်ခဲ့ပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.