မော်လမြိုင် ၊ ဒီဇင်ဘာ (၂)

လာမယ့် အစိုးရအသစ် သက်တမ်းမှာ ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ ရာဘာတောင်သူတွေက တောင်းဆို လိုက်ပါတယ်။

မွန်ပြည်နယ်ဟာ ရာဘာစိုက်ဧက (၅)သိန်းကျော် ရှိပြီး နှစ်စဉ် ရာဘာတန်ချိန် (၁) သိန်းကျော်ကို ထုတ်လုပ်နေတာပါ။

အခုအခါမှာတော့ ရာဘာစျေးကျလာတာနဲ့အတူ အလုပ်သမားရှားပါးမှု ပြဿနာတွေကြောင့် ရာဘာ တောင်သူအများစုက လုပ်ငန်းတွေကို ရပ်နားထားရပါတယ်။

ဒါကြောင့် အစိုးရအသစ် သက်တမ်းမှာ ရာဘာကဏ္ဍပြန်လည် ဦးမော့လာအောင် မူဝါဒတွေနဲ့ စနစ်တကျ ဆောင်ရွက်ပေးဖို့ ရာဘာတောင်သူတွေက တောင်းဆိုလိုက်ပါတယ်။

 “ အားပေးအားမြှောက်တယ်ဆိုတာက စာအုပ်ထဲမှာနဲ့ သတင်းမှာပဲ တွေ့နေရတယ်၊ မွန်ပြည်နယ်ရောဘာဖွံ့ဖြိုးတိုးတက်ဖို့ အားလုံးကောင်းအောင်လုပ်ပေးမယ်လို့ကြားတယ်၊ ဒါပေမယ့် လက်တွေ့မှာ တစ်ချက်မှ အကောင်အထည်ဖော်တာကို မတွေ့ဘူးခင်ဗျ၊ ဈေးနှုန်းကအစ အတည်တကျမရှိဘူး၊ တစ်နေရာထဲမှာ တစ်ဈေးနဲ့ ဒေသတစ်ခုနဲ့ တစ်ခုတောင်မှ ဝယ်ရောင်းနေကြတာ ဈေးနှုန်းအမျိုးမျိုးနဲ့ ဈေးက မမှန်တဲ့အတွက် ဈေးက တစ်ပေါင်ကို (၇၃၀)ဆိုရင် မနက်ဖြန်ဆိုကျသွားပြန်ပြီး၊ သဘက်ခါဆိုတက်သွားပြန်ပြီး ဈေးကလည်းမငြိမ်၊ နောက်သူတို့ ရောဘာအစေးထုတ်စက်ရုံလုပ်မယ်ဆိုတာ ပြောတာလည်း အကောင်အထည်မဖော်၊ ရောဘာလုပ်ငန်းရှင်တွေ၊ တနိုင်တပိုင်လုပ်ငန်းရှင်တွေလည်း အဆင်မပြေမှုတွေ များနေတာ လေးငါးခြောက်နှစ်လောက်ရှိနေပါပြီး အဲဒါကြောင့် အခုတက်လာတဲ့ အစိုးရကလည်း ရောဘာဈေးနှုန်းတည်တံ့ခိုင်မြဲနေဖို့နဲ့ လိုအပ်တဲ့အကူအညီတွေ ထောက်ပံ့ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ ရာဘာတောင်သူတစ်ဦးဖြစ်သူ ခွန်ကျော်ဇင်က ပြောပါတယ်။

တစ်ပြည်နယ်လုံးမှ ထွက်ရှိတဲ့ တစ်နှစ် ရာဘာ တန်ချိန် တစ်သိန်းကျော်ရဲ့  ၉၀ ရာခိုင်နှုန်း ကျော်ကို  ရာဘာကြမ်း အဖြစ်သာ ထုတ်လုပ်နိုင်ပြီး တရုတ်စျေးကွက်ကို အဓိက မှီခိုနေရတာပါ။

ဒါကြောင့် အဆင်မြင့်ရာဘာထုတ်လုပ်နိုင်ဖို့အတွက်  ရာဘာတောင်သူတွေက အစိုးရဲ့ နည်းပညာပံ့ပိုးမှုတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို မျှော်လင့်နေကြပါတယ်။

လက်ရှိမှာတော့ ရာဘာစိုက်ဧက(၅)သိန်းကျော် ရှိတဲ့အနက် ဧက(၃)သိန်းကျော်မှာ ရောဘာထုတ်လုပ်ကာ ကုန်ကြမ်းအဖြစ်နဲ့ ပြည်ပကို တင်ပို့နေပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.