မော်လမြိုင် ၊ နိုဝင်ဘာ (၂၄)

NLD ပါတီရဲ့ အစိုးရဖွဲ့ရေးမှာ တိုင်းရင်းသားပါတီတွေ ပါဝင်နိုင်ဖို့ ဖယ်ဒရယ်အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက်တစ်ခုထားဖို့ လိုတယ်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ပါတီ(၁၉)ခုက အနိုင်ရထားပြီး NLD နဲ့ USDP ကလွဲရင် ကျန်တဲ့ (၁၇)ပါတီက တိုင်းရင်းသားပါတီတွေ ဖြစ်ပါတယ်။

NLD ပါတီကတော့  အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားပါတီတွေကို နိုဝင်ဘာလ (၁၇)ရက်နေ့မှာ အိတ်ဖွင့်စာ ပေးပို့ထားပါတယ်။

ဒီအပေါ်မှာလည်း မွန်ညီညွတ်ရေးပါတီ ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ နဲ့ ရခိုင်အမျိုးသားပါတီတို့ကလည်း အပြုသဘောနဲ့ ကြိုဆိုထားကြပါတယ်။

ဒါပေမယ့် အစိုးရဖွဲ့ရေးမှာ တိုင်းရင်းသားပါတီတွေ ပါဝင်နိုင်ဖို့ ဖယ်ဒရယ်အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက်တစ်ခုထားဖို့ လိုတယ်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

“တိုင်းရင်းသားတွေရဲ့ရည်မှန်းချက်ကလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု(သို့မဟုတ်)ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဒါတွေကိုတော့ ညှိနှိုင်းကြရမှာပေါ့၊ ဘုံတူညီချက်ကတော့  ဖက်ဒရယ်နဲ့သွားမယ်ဆိုတာကတော့ အားလုံးသဘောတူညီကြတာပေါ့၊ ဒီဟာကို ညှိမှရတော့မှာ၊ မညှိဘဲနဲ့တော့ ဝန်ကြီးခွဲဝေပေးတာတို့ တာဝန်ခွဲဝေပေးတာတို့ မပြီးသေးဘူး၊ ညှိပြီးတော့မှ ဘုံသဘောတူညီချက်တစ်ခုရပြီး ဖက်ဒရယ်ကိစ္စကို ဘယ်လိုအဆုံးထိအောင်သွားမလဲ ဆိုတာကို ဆုံးဖြတ်ကြမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

NLD ပါတီကတော့ မကြာခင်မှာ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ရှိပြီး အစိုးရမဖွဲ့ခင် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးနိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ NLD ပါတီက အများဆုံး အနိုင်ရထားပြီး တိုင်းရင်းသားပါတီတွေကလည်း ယခင်ထက် ပိုပြီး အားကောင်းလာပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ NLD ပါတီက (၃၄)နေရာ အနိုင်ရထားပြီး မွန်ညီညွတ်ရေးပါတီက (၁၁)နေရာ အနိုင်ရထားပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.