မော်လမြိုင် ၊ နိုဝင်ဘာ (၁၉)

ရေးမြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းတံတားတွေကို အဓိက ဆောက်လုပ်ပေးသွားမယ်လို့ မွန်ညီညွတ်ရေးပါတီ အနိုင်ရ ကိုယ်စားလှယ် နိုင်ခင်စိုးက ပြောပါတယ်။

လူဦးရေတစ်သိန်းခွဲကျော်နေထိုင်တဲ့ ရေးမြောက်ပိုင်းဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတာပါ။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတာနဲ့အတူ ပညာရေး ကျန်းမာရေး ကဏ္ဍတွေ နိမ့်ကျနေပြီး မိုးရာသီမှာဆိုရင် ဆေးရုံတက်ရမယ့် လူနာတွေကို ထမ်းစင်နဲ့ ခြေလျှင်ပို့ရတဲ့ အနေအထားထိ သွားလာရေး ခက်ခဲနေတာပါ။

ဒါကြောင့် ဒီဒေသမှာနေထိုင်သူတွေ သွားလာရေးအဆင်ပြေစေဖို့အတွက် လမ်းတံတားတွေကို အဓိကဆောက်လုပ်ပေးသွားမယ်လို့ မွန်ညီညွတ်ရေးပါတီ အနိုင်ရ ကိုယ်စားလှယ် နိုင်ခင်စိုးက ပြောပါတယ်။

“မဲဆွယ်ကာလကတည်းက ကရင်တွေနေတဲ့ရွာကိုရောက်ခဲ့ပါတယ်၊ သူတို့ဒေသက သွားလာဖို့ခက်ခဲတယ်၊ မိုးတွင်းဆိုရင် သွားလာဖို့အဆင်မပြေဘူး၊ ကျွန်တော့်အနေနဲ့ မွန်ကရင်ရယ်လို့မရွေးဘဲ သွားလာဖို့ခက်ခဲတဲ့ဒေသမှာရှိတဲ့ ပြည်သူတွေအတွက် သွားလာဖို့လွယ်ကူစေဖို့ လမ်းတံတားကိုပဲ အဓိကထားဆောင်ရွက်ပေးမယ်”လို့ ဆိုပါတယ်။

အရင် အစိုးရအဆက်ဆက်က အနိုင်ရကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ဒေသခံတွေနဲ့ အလှမ်းဝေးကွာသွားပြီး ဒေသဖွံ့ဖြိုးရေးတွေ မဆောင်ရွက်ခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“လူထုအသံနားထောင်ဖို့နဲ့ လူထုနဲ့ထိတွေ့ဖို့က ကိုယ်စားလှယ်တွေမှာ တိကျတဲ့မူမရှိဘူး၊ ဒေသခံတွေရဲ့ခံစားချက်တွေအပေါ် လိုက်ပါခံစားနိုင်စွမ်းလည်းမရှိခဲ့ဘူး၊ လူထုအသံအစစ်အမှန်ကြားရဖို့ အစီအမံတွေမရှိဘူး၊ လွှတ်တော်သက်တမ်းအတွင်းမှာ လွှတ်တော်ကိစ္စလေးတွေ အခမ်းအနားတက်တာလေးတွေ ဒီလောက်ပဲမြင်မိပါတယ်”လို့ ရေးမြောက်ပိုင်း ဒေသခံ စောအောာင်ရွှေဝင်းက ပြောပါတယ်။

ရေးမြောက်ပိုင်းဒေသမှာတော့ လူဦးရေ တစ်သိန်းကျော်နေထိုင်ပြီး ဥယျဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.