ချောင်းဆုံမြို့တွင် MUPဝန်းရံသူများ လှည့်လည်အင်အားပြစဉ်

မော်လမြိုင် ၊ နိုဝင်ဘာ (၁၈)

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မယ်လို့ NLD ပါတီကပြောဆိုထားပေးမယ့် လက်တွေ့လုပ်ရပ်ကို စောင့်ကြည့်ဖို့ လိုအပ်သေးတယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောဆိုလိုက်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဟာ တိုင်းရင်းသားပါတီ (၄၈) ခုနှင့် ပူးပေါင်းဖို့ အိတ်ဖွင့်စာကို နိုဝင်ဘာလ (၁၇) ရက်နေ့မှာ ပေးပို့ခဲ့တာပါ။

ရွေးကောက်ပွဲအလွန် အစိုးရအသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားပါတီတွေကို အခုလို ကမ်းလှမ်းတာလို့ NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောဆိုထားပါတယ်။

အခုလို ပြောဆိုထားပေးမယ့် NLD ပါတီရဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကိုတော့ စောင့်ကြည့်ဖို့ လိုအပ်သေးတယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဖို့ NLD ရဲ့ ပြောဆိုချက်အရ ဘယ်လိုအစိုးရမျိုးလဲ ဘယ်လိုဖွဲ့စည်းရမလဲဆိုတာက တကယ်လို့ ဆွေးနွေးဖြစ်လာမှ သဘောထားပေးနိုင်မယ်၊ လက်ရှိလုပ်ဆောင်ချက်တွေက ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ ဆက်စောင့်ကြည့်ဖို့ လိုပါသေးတယ်”လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောပါတယ်။

NLD အနေနဲ့ တိုင်းရင်းသားပါတီတွေ ပူးပေါင်းပေးဖို့ နိုဝင်ဘာလ(၁၇)ရက်နေ့မှာ အိတ်ဖွင့်စာနဲ့ ကမ်းလှမ်းထားပေးမယ့်လည်း အစိုးရဖွဲ့ရေးမှာ တိုင်းရင်းသားတွေရဲ့ ပါဝင်မှုကို တိတိကျကျ သတ်မှတ်ထားတာမျိုး မရှိသေးဘူးလို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောဆိုထားပါတယ်။

NLD ပါတီရဲ့ လက်ရှိအစိုးရသက်တမ်းမှာလည်း တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးမှာ အလှမ်းဝေးနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံသပ်ထားပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ NLDပါတီဟာ ပြည်ထောင်စုလွှတ်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာ နေရာ (၉၂၀) ကျော် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.