မော်လမြိုင် ၊ နိုဝင်ဘာ (၁၇)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကျင်းပသည့် သုံးကြိမ်မြောက်အထွေထွေရွေးကောက်ပွဲက ပြီးဆုံးခဲ့ပြီဖြစ်သည်။

အထွေထွေရွေးကောက်ပွဲသတ်မှတ်ချက်အရ မွန်ပြည်နယ်က မဲဆန္ဒနယ်သတ်မှတ်ချက်တွင် (၄၅)နေရာရခဲ့သည်။ ပြည်သူ့လွှတ်တော်အတွက် (၁၀)နေရာ၊ အမျိုးသားလွှတ်တော်အတွက် (၁၂)နေရာနှင့် ပြည်နယ်လွှတ်တော်အတွက် (၂၀)နေရာအပြင် တိုင်းရင်းသားလူမျိုးရေးရာအတွက် (၃)နေရာ စုစုပေါင်း (၄၅)နေရာရွေးကောက်ခံပိုင်ခွင့်ရရှိခြင်းလည်းဖြစ်သည်။

မွန်ပြည်နယ်၏ ၄၅ နေရာအတွက် အားပြိုင်ပွဲကား အထွေထွေရွေးကောက်ပွဲတိုင်းတွင် အကြိတ်အနယ်ရှိခဲ့သည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ဒေသဆိုင်ရာပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ အားပြိုင်မှုအကြား ယင်း(၂)ပါတီနည်းတူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း တစ်စုံတစ်ရာ အောင်မြင်မှုရရှိခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီစသည့် ပါတီကြီးမားနှင့် ဒေသဆိုင်ရာပါတီကလည်း (၂)ပါတီဖြစ်သည့် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့အကြားက အားပြိုင်မှုကလည်း ကြီးမားခဲ့သည်။ ရလဒ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအပြတ်အသတ်အသာရပြီး ကျန်ပါတီများကတော့ နေရာအနည်းငယ်စီသာရခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကတော့ အနိုင်မရရှိတော့ပေ။

ယခုနှစ်တွင် ကျင်းပသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့၏ အားပြိုင်မှုတွင် ပေါင်းစည်းထားသည့် ဒေသဆိုင်ရာပါတီဖြစ်သော မွန်ညီညွတ်ရေးပါတီ၏ အခန်းကဏ္ဍကလည်း အဆိုပါ ပါတီကြီး(၂)ခုအတွက် အဓိကပြိုင်ဘက်ပါတီတစ်ခုဖြစ်လာခဲ့သည်။

အထွေထွေရွေးကောက်ပွဲ သုံးကြိမ်စလုံးကို လေ့လာကြည့်ပါက အင်အားကြီးပါတီများကသာ အပြတ်အသတ်အောင်ပွဲခံခဲ့သည်ကို တွေ့ရှိရပြီး ဒေသဆိုင်ရာပါတီကမူ အနိမ့်အမြင့်အတတ်အကျများဖြင့် ရွေးကောက်ခံနိုင်ရေးကို ကြိုးစားနေရဆဲဖြစ်နေသည်။

အထူးသဖြင့် သထုံခရိုင်ရှိ မြို့နယ်(၄)ခုတွင် ဒေသဆိုင်ရာပါတီ၏ ကိုယ်စားပြုနိုင်ခွင့်အတိုင်းအတာမှာ ယခုအချိန်အထိ နေရာရမှုမရှိသေးပဲ အင်အားကြီးပါတီများနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိသေးပေ။

ဒေသတွင်း ကျန်လူမျိုးစုပါတီများဖြစ်သော ကရင်ပြည်သူ့ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်တို့မှာလည်း ရွေးကောက်ပွဲများတွင် ရလဒ်ကောင်းရှိအောင် မစွမ်းဆောင်နိုင်သေးပေ။

၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်ကို ပြည်ခိုင်ဖြိုးအစိုးရက လွှမ်းမိုးခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက လွှမ်းမိုးခဲ့သည်။ လာမည့် ငါးနှစ်တွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ဆက်လက်လွှမ်းမိုးဖို့အတွက် လုံလောက်သော အရေအတွက် အနိုင်ရခဲ့သည်။

ဒေသတွင်း လူမျိုးစုပါတီများအတွက်ကတော့ လွှတ်တော်တွင်း/လွှတ်တော်ပြင်ပအတိုက်အခံအဖြစ်ဆက်လက်ရှိနေရအုံးမည့်အခြေအနေဖြစ်သည်။

၄၅ နေရာအတွက် အားပြိုင်ပွဲတွင် ဒေသတွင်းပါတီတို့အတွက်သာ အပြောင်းအလဲကြီးကြီးမားမားရှိခဲ့ပြီး ပါတီကြီးများအတွက်မူ ထူးခြားသော အပြောင်းအလဲမရှိခဲ့သည်ကို တွေ့ရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ၄၅ နေရာအတွက် အားပြိုင်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကျန်ခဲ့ရပြီဖြစ်သည်။

အနာဂတ်ပြည်နယ်တွင်း နိုင်ငံရေးအားပြိုင်မှုအလားအလာမှာ စိတ်ဝင်စားစရာကောင်းသလို အများအတွက် ထူးထူးခြားခြားစွမ်းဆောင်ရည်ပြမည့်သူများ ပေါ်ထွက်လာလေမလားလည်း စိတ်ဝင်စားစရာကောင်းလှသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲရလဒ်အတိုင်းအတာ၏ တစ်စုံတစ်ရာကို လက်လွှတ်ခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပေါင်းစည်းပြီးနောက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲရလဒ်ကဲ့သို့ ရလဒ်မျိုး ပြန်ရလာသည့် မွန်ညီညွတ်ရေးပါတီတို့၏ အားပြိုင်မှက ပြည်နယ်အတွက် ဘယ်လောက်အကျိုးဖြစ်ထွန်းမည်ကို စောင့်ကြည့်ရမည်ဖြစ်ပါသည်။

၄၅ နေရာအတွက် အနာဂတ်အားပြိုင်မှုက ဘယ်လိုဆက်ရှိနေမည်လဲဆိုသည်မှာ ဖော်ပြပါပုံကိုကြည့်ပြီး နိုင်ငံရေးပါတီများအနေဖြင့် ရလဒ်ပြောင်းလဲဖို့ စွမ်းဆောင်နိုင်မည်လား ။

ဖော်ပြပါ ပုံအတိုင်း ဒေသတွင်းပါတီအနေဖြင့် ရလဒ်နည်းနည်းဖြင့် အတိုက်အခံအဖြစ် ဆက်လက်တည်နေနိုင်အုံးမည်လားဆိုသည်မှာ စောင့်ကြည့်ရမည်သာဖြစ်သည်။

သံလွင်တိုင်းမ်သတင်းဌာန

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.