မော်လမြိုင် ၊ အောက်တိုဘာ (၂၁)
ကိုဗစ်ကန့်သတ်ချက်တွေကြောင့် တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ပြည်နယ်တစ်ဝှမ်းမှာ မဲဆွယ်စည်းရုံးရေးတွေ ဆောင်ရွက်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။
ပြည်နယ်အခြေစိုက်မဟုတ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီနဲ့ ကရင်ပြည်သူ့ပါတီတို့က မွန်ပြည်နယ်မှာ ကရင်နဲ့ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ယှဉ်ပြိုင်ကြမှာပါ။
မွန်ပြည်နယ်မှာ ဆန္ဒမဲပေးခွင့်ရှိတဲ့ ကရင်တိုင်းရင်းသား(၂၂၀၀၀၀)နီးပါးရှိပြီး ပအိုဝ်းတိုင်းရင်းသားက (၅၅၀၀၀)နီးပါးရှိပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့်ရက်ကလည်း ၂ ပတ်လောက်သာ ကျန်တော့ပေမယ့် လက်ရှိ ကိုဗစ် အကန့်အသတ်တွေကြောင့် မြို့နယ်အားလုံးလွှမ်းခြုံပြီး မဲဆွယ်စည်းရုံမှုတွေ မလုပ်နိုင်ဘူးလို့ ကရင်ပြည်သူ့ပါတီမှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်မယ့် နော်ဆာထူးက ပြောပါတယ်။
“ အမအနေနဲ့ ကရင်တိုင်းရင်းသားလူမျိုးစုလွှတ်တော်အနေနဲ့ ပြိုင်ရတဲ့အခါမှာ ဆယ်မြို့နယ်လုံးသွားရမယ်၊ သို့သော်လည်း ဥပဒေစည်းမျဉ်းစည်းကမ်းထုတ်ထားတာက မော်လမြိုင်၊ ကျိုက်ထို၊ ဘီးလင်းကို Stay At Home ဖြစ်နေတဲ့အခါကျတော့ မော်လမြိုင်က ကိုယ့်ရဲ့နေရပ်လိပ်စာဖြစ်တဲ့အခါမှာ သွားဖို့က ကော်မရှင်ကို မေးတော့လဲ လုံးဝ(လုံးဝ) မသွားရဘူး၊ နိုင်ငံရေးပါတီသော်လည်းကောင်း၊ ကိုယ်စားလှယ်သော်လည်းကောင်း၊ COC လိုက်နာရမယ်၊ ဒါပေမယ့် တခြားသူက သွားတယ်၊ ကိုယ်က သွားရင် ကိုယ့်ကို ပြန်ပြီးတော့ ဘယ်ဟာနဲ့များ ကိုယ့်လည်ကွင်းကို ကြိုးကွင်းစွပ်မလဲဆိုတဲ့ဟာက စိုးရိမ်ကြောင့်ကြ ပူပန်မှုနဲ့ အဟန့်အတားကြီး ဖြစ်နေတယ်”လို့ ဆိုပါတယ်။
လက်ရှိ မြေပြင်မဲဆွယ်စည်းရုံမှုမလုပ်ရတဲ့အခါကျတော့ လူငယ်တွေနဲ့ အသိမိတ်ဆွေတွေရဲ့ အကူအညီနဲ့ မဲဆွယ်ဗီးနိုင်းတွေ၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးတာနဲ့ အွန်းလိုင်းမဲဆွယ်စည်းရုံမှုတွေနဲ့သာ လုပ်နေရတယ်လို့ ဆိုပါတယ်။
တချို့သော တိုင်းရင်းသားဒေသမှာ ဖုန်းလိုင်းမမိတာနဲ့ ဖုန်းအသုံးပြုသူနည်းပါးတာကြောင့် အွန်းလိုင်းနဲ့မဲဆွယ်တာ ထိရောက်မှု မရှိတဲ့အနေအထားတွေလည်း ရှိနေတယ်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်မယ့် နန်းသီတာညိုဝင်းက ပြောပါတယ်။
“ရက်(၆၀)ရပေမယ့်၊ အမတို့ကိုယ်တိုင်ပဲ ကိုယ့်မြို့နယ်မှာ အတည်ပြုလူနာတွေ့တဲ့အခါ အိမ်ထဲအောင်းနေရတဲ့ အခြေအနေတွေလဲ ရှိတာပေါ့နော်၊ ရက်(၆၀)ဟာ ရက်(၃၀)လောက်ပဲ ရတဲ့အခြေအနေတွေဖြစ်တယ်ပေါ့၊ လုံလောက်မှုတော့ မရှိဘူးပေါ့၊ အွန်းလိုင်းနဲ့ မဲဆွယ်တဲ့အခါကျတော့လည်း တချို့တိုင်းရင်းသားကျေးရွာတွေဆိုရင် ဖုန်းလိုင်းမမိတာတွေရှိတယ်၊ တချို့လူကြီးတွေဆိုရင်လည်း ဖုန်းမကိုင်တာတွေလဲ ရှိတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် မျက်နှာသစ်ကိုယ်စားလှယ်တွေအနေနဲ့က မြေပြင်ကွင်းဆင်းမဲဆွယ်စည်းရုံမှု လုပ်မှသာ လျှင် ထိရောက်မှုရှိမယ်လို့ ဆိုပါတယ်။
လာမယ့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်မှာ ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် တသီးပုဂ္ဂလအပါအဝင် ပါတီ( ၁၃)ခုက ကိုယ်စားလှယ်လောင်း( ၂၃)ဦးက ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
သတင်း – နွန်နွန်