မော်လမြိုင် ၊ အောက်တိုဘာ (၁၄)

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ကြမယ့် မဲရုံဝန်ထမ်းတွေကို အောက်တိုဘာ တတိယအပတ်မှာ သင်တန်းစပေးတော့မယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။

မွန်ပြည်နယ်မှာ မဲရုံ ၉၇၃ လျာထားပြီးတော့ အဲဒီမဲရုံတွေမှာ တာဝန်ထမ်းဆောင်ကြရမယ့် မဲရုံမှူး ဒုမဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်ကို ပညာရေးဌာနကနေ ဝန်ထမ်း ၁၅၀၀၀ ကျော် အသုံးပြုဖို့ လျာထားတာပါ။

ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ရွေးကောက်ပွဲဆိုင်ရာသင်တန်းတွေ ရပ်နားထားရပေမယ့် ရွေးကောက်ပွဲနီးကပ်လာတာကြောင့် ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ သင်တန်းတွေ ပေးသွားမယ်လို့ ဆိုပါတယ်။

“ မဲရုံမှူးနဲ့ ဒုမဲရုံမှူးသင်တန်းတွေကိုတော့ အောက်တိုဘာလ (၁၉) ရက်နေ့ကနေ နိုဝင်ဘာလ (၄)ရက်နေ့အထိ မြို့နယ်အလိုက် ဖွင့်လှစ်သွားမယ်”လို့  မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်စိုးမြင့်က ပြောပါတယ်။

မော်လမြိုင်မြို့နယ်အတွင်းမှာ တာဝန်ထမ်းဆောင်၇မယ့် မဲရုံမှူး ဒုမဲရုံမှူးနဲ့ မဲရုံဝန်ထမ်းတွေကိုတော့ အောက်တိုဘာ ၂၄၊ ၂၅ ရက် ၂ ရက် ပို့ချသွားမယ်လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိ၇ပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်အတွင်းတာဝန်ထမ်းဆောင်မယ့် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲ (၁၀၀၀) ကျော်ကိုလည်း သင်တန်းတွေ ပို့ချထားပြီး ဖြစ်ပါတယ်။

ရွေးကောက်ပွဲနည်းဥပဒေအရ မဲရုံတွေကို သတ်မှတ်တဲ့နေရာမှာ မဲဆန္ဒရှင် ၃၀၀ ကနေ ၃၀၀၀ ထိရှိလျှင် မဲရုံတစ်ရုံထားရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

မဲရုံတစ်ရုံမှာ မဲရုံမှူး ၁ ဦး၊ ဒုတိယမဲရုံမှူး ၁ ဦး၊ မဲစာရင်းစစ်ဆေးသူ ၃ ဦး၊ ဆန္ဒမဲလက်မှတ်ထုတ်ပေးသူ ၃ ဦး၊ မဲရုံလုံခြုံရေး ၁ ဦးနဲ့ လက်များကိုမှင်တို့ပေးတဲ့အဖွဲ့ဝင် ၁ ဦး စုစုပေါင်း မဲရုံဝန်ထမ်း ၁၀ ဦးသတ်မှတ်ထားပြီးတော့ လိုအပ်ပါက မဲရုံဝန်ထမ်းတိုးချဲ့ခန့်အပ်နိုင်တယ်လို့ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.