ချောင်းဆုံမြို့တွင် MUPဝန်းရံသူများ လှည့်လည်အင်အားပြစဉ်

မော်လမြိုင် ၊ အောက်တိုဘာ (၁၄)

ရွေးကောက်ပွဲနီးကပ်လာတာနဲ့အတူ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှု အရှိန်အဟုန်တွေ မြင့်တက်လာနေပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ အပါအဝင် နိုင်ငံရေးပါတီ (၁၇)ခုက ကိုယ်စားလှယ်လောင်း (၃၀၂) ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလကို စက်တင်ဘာ ၈ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားပါတယ်။

မဲဆွယ်ကာလအစမှာတော့ ကိုဗစ်၁၉ ကြောင့် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေကို ရပ်နားခဲ့ကြပေမယ့် ရွေးကောက်ပွဲနေ့ရောက်ဖို့ တစ်လအလိုမှာတော့ လူအင်အား ထောင်နဲ့ချီပြီး အင်းအားပြ မဲဆွယ်စည်းရုံးတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

အခုလို ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းတွေကို လိုက်နာမှုမရှိဘဲ လူထောင်နဲ့ချီ အင်းအားပြ မဲဆွယ်စည်းရုံးနေတာကြောင့် အင်အားကြီးပါတီတွေမှာ ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက သုံးသပ်လိုက်ပါတယ်။

“ကို့ပါတီကို ထောက်ခံတဲ့သူတွေကြောင့်  ကိုရွေးချယ်ခံရရင်တောင်မှ ပဋိပက္ခတွေကြောင့် ဖြေရှင်းရတာတွေ ရှိနိုင်တာမို့ ကြိုထိန်းတာက အကောင်းဆုံးလို့ အကြံပြုချင်ပါတယ်”လို့ မွန်ပြည်နယ်လူထုဆုံရပ် ရွေးကောက်ပွဲစောင့်ကြည့်ရေးတာဝန်ခံ ဦးမောင်မောင်ဇော်ထွန်းက ပြောပါတယ်။

ပါတီဝန်းရံသူတွေအား အခုလို အင်အားပြလှည့်လည်တာတွေကို မဆောင်ရွက်ဖို့ တားမြစ်ပေးမယ့် ထိန်းချုပ်ရခက်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

” ကျွန်တော်တို့ အစွမ်းကုန် ပါတီဝန်းရံသူတွေကို ဖျောင်းဖျဖို့အစွမ်းကုန်ကြိုးစားပါတယ်၊ သူတို့က စီစဉ်ထားပြီးသားဖြစ်တဲ့အတွက် ငွေကုန်ကြေးကျခံပြီးသား၊အပင်ပန်းခံပြီးသားဖြစ်တဲ့အတွက် အချို့တွေလည်း စိတ်ထဲ မသက်မသာဖြစ်ကြရပါတယ်၊ ကျွန်တော်တို့ကတော့ ဗဟိုရဲ့ညွှန်ကြားချက်အရ ဒီလိုလှည့်လည်ခြင်းတွေမှာ လှည့်မယ်သူရဲ့ကျန်းမာရေးမကောင်းဘူးဆိုတာ သဘောပေါက်အောင် ရှင်းပြနေပါတယ် ” လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

သထုံမြို့တွင် NLD ဝန်းရံသူများ လှည့်လှည်အင်အားပြစဉ် (ဓာတ်ပုံ – အောင်ကျော်သူ)

အခုလို အခြားပါတီရဲ့ ဝန်းရံသူတွေက အင်အားပြလှည့်လည်နေတာကြောင့် မီမိပါတီရဲ့ ဝန်းရံသူတွေကိုလည်း ထိန်းချုပ်ဖို့  ခက်ခဲနေတယ်လို့ မွန်ညီညွတ်ရေးပါတီရဲ့ အောင်နိုင်ရေး ဒု-ခေါင်းဆောင် နိုင်စိုးပိုင်က ပြောပါတယ်။

“သူတို့ကို တားရင် အကြောင်းပြတယ် NLD လည်းထွက်တယ်ပေါ့ ။ ငါတို့က တားတယ် သူတို့လုပ်ရင်လုပ်ပါစေ ငါတို့မလုပ်နဲ့ပေါ့ ဒါပေမယ့် တားလို့မရဘူး  ဘယ်ကထွက်လို့ထွက်မှန်း မသိဘူး တော်တော်ဒုက္ခရောက်တယ်”လို့ ဆိုပါတယ်။

အောက်တိုဘာလ (၁၂)ရက်နေ့မှာတော့ မွန်ပြည်နယ်မှာ မွန်ညီညွတ်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ရဲ့ သောင်းနဲ့ချီတဲ့ ဝန်းရံသူတွေက အင်အားပြ လှည့်လည်ခဲ့ကြပါတယ်။

သတင်း- ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.