အောက်တိုဘာ(၁၃)ရက်နေ့ ရေးမြို့နယ်တွင် မွန်ပါတီဝန်းရံသူတွေ လှည့်လည်နေစဉ်

မော်လမြိုင်၊ အောက်တိုဘာ(၁၃)

သောင်းနဲ့ချီတဲ့ မွန်ညီညွတ်ရေးပါတီရဲ့ ဝန်းရံသူတွေ လှည့်လည်အင်အားပြတာကို USDP ပါတီဝင်တွေက ထောက်ခံကြိုဆိုခဲ့ကြပါတယ်။

မွန်ညီညွတ်ရေးပါတီရဲ့  ဝန်းရံသူအင်အား တစ်သောင်းကျော်ဟာ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ရေးမြို့ပေါ်နဲ့ ကျေးရွာတွေမှာ အင်အားပြလှည့်လည်ခဲ့ကြပြီး ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်တွေက ကြိုဆိုအားပေးခဲ့ကြတာပါ။

NLD အင်အားကောင်းတဲ့ ရေးမြို့နယ်အနောက်ပိုင်းက  အစင်စံပြကျေးရွာနဲ့ ဇီးဖြူသောင်ကျေးရွာမှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေက မွန်ပါတီဝန်းရံသူတွေကို အချိုရည်တွေတိုက်ကျွေးတာတွေအပြင် အားပေးစကားတွေကို ပြောဆိုခဲ့ပါတယ်။

ပုဒ်မ ၂၆၁ ကိုပြင်ဆင်ဖို့အပြင် တိုင်းရင်းသားတွေနဲ့ လက်တွဲပြီးလုပ်မှသာ စစ်မှန်တဲ့ဒီမိုကရေစီရမှာဖြစ်လို့ အခုလို အားပေးရတာဖြစ်တယ်လို့ ကြိုဆိုအားပေးတဲ့ USDP ပါတီဝင်တစ်ဦးက အခုလို ပြောပါတယ်။

“တိုင်းရင်းသားတွေကို ကျွန်တော်တို့ ပစ်ထားလို့ မရပါဘူး။ တိုင်းရင်စးသားအားလုံးက ကျွန်တော်တို့ မိသားစုတွေ ဖြစ်တယ်။လက်တွဲပြီး လုပ်မှသာလျှင် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီကို ရမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်” လို့ USDP ပါတီ အစင်ကျေးရွာစည်းရုံးရေးမှူး ဦးကိုကိုက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလမှာ  မွန်ညီညွတ်ရေးပါတီ အစင်ကျေးရွာမှာ မဲဆွယ်စည်းရုံးနေစဉ်မှာလည်း ပြည်ခိုင်ဖြိုးပါတီဝင်တွေက လာရောက် နားထောင်ခဲ့ကြပါတယ်။

ရေးမြို့နယ်အတွင်းမှာတော့ မွန်ညီညွတ်ရေးပါတီနဲ့  NLD ပါတီတို့ အဓိက ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ NLD က အများစု အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.