မော်လမြိုင် ၊ အောက်တိုဘာ (၁၂)

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် ငွေကျပ် (၁.၅)ဘီလီယံကျော် အသုံးပြုခဲ့တယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လကစတင်ပြီး ယခုအချိန်အထိ CBFQ စခန်းဖွင့်လှစ်တာတွေ၊ ဆက်သွယ်ရေးလုပ်ငန်းတွေ၊ ကျန်းမာရေးအထောက်အကူပစ္စည်း ဝယ်ယူတာတွေ၊ CBFQ စခန်းအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူတာတွေ၊ Hospital Quarantine အတွက် ပြင်ဆင်စရိတ်၊ ကျန်းမာရေးဝန်ထမ်းတွေကို  ဂုဏ်ပြုတာတွေနဲ့၊ အခြားအသုံးစရိတ်တွေမှာ အသုံးပြုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ ကိုဗစ်-၁၉ ကို မွန်ပြည်နယ်အနေနဲ့ ပြောရရင် ထိန်းချုပ်လို့ရတဲ့ အခြေအနေ ရောက်နေပါပြီး။ အဓိက အချက်ဖြစ်တဲ့ mask တပ်တာရယ် ခပ်ခွာခွာနေတာရယ် လက်ဆေးတာရယ်ကို အထူးပဲ လိုက်နာရင် ၁ လတောင် ကြာမှာ မဟုတ်ဘူး လုံးဝပျောက်ကင်းမှာပါ”လို့ အောက်တိုဘာလ (၉)ရက်နေ့က လုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုခဲ့ပါတယ်။

အဲဒီအပြင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့နဲ့ ကုန်စည်စီးဆင်းမှု မပြတ်တောက်စေဖို့ကို ပြည်နယ်အဝင်အထွက်နေရာဖြစ်ကြတဲ့ ကျိုက်ထို၊ ရေး၊ သထုံမြို့ ဒုံသမိတံတားအနီးမှာ စစ်ဆေးရေးစခန်းတွေမှာ ကိုဗစ်ပိုး ရှိ/မရှိ Test Kit တွေနဲ့ စစ်ဆေးပြီးမှ ဝင်ခွင့်ပေးနေတာပါ။

လက်ရှိအချိန်ထိ မွန်ပြည်နယ်အတွင်းမှာ CBFQ စခန်း(၂၁၂)ခု ဖွင့်လှစ်ပေးထားပြီး ကန့်သတ်စောင့်ကြည့်ထားတဲ့သူ (၃၄၇၆၁)ဦးကို လက်ခံစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ည ထုတ်ပြန်ချက်အထိ စာရင်းတွေအရ မွန်ပြည်နယ်မှာ ကိုဗစ် အတည်ပြုလူ(၄၃၀)ဦးအထိ ရှိခဲ့ပြီး လူနာ (၃၀၀) ကျော်ကတော့ ပြန်လည်သက်သာလာလို့ ဆေးရုံးက ဆင်းခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။၊

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.