သထုံမြို့ မဲဆွယ်စည်းရုံးမှုမြင်ကွင်း(ဓာတ်ပုံ - မာမာခိုင် facebook)

မော်လမြိုင် ၊ အောက်တိုဘာ (၉)

အမျိုးသမီးတစ်ဦးက NLD ပါတီအမှတ်အသားပါတဲ့ နဖူးစည်းကို မဖွယ်မရာ ပြောဆိုခဲ့တာကြောင့် ပါတီရပ်ကျေး အလုပ်အမှုဆောင်က ဒဏ်ငွေ(၁၀) သိန်း တောင်းခံခဲ့ပါတယ်။

သထုံမြို့နယ် ကတိုက်ကြီးကျေးရွာမှာ အောက်တိုဘာလ ၄ ရက်နေ့က NLD ပါတီ ဝန်းရံသူတွေ လှည့်လည်ဖို့ လူစုနေစဉ် ဒေါ်ညွန်စိန်(ခေါ်)ဒေါ်မဲစိန်ရဲ့ မြေးတော်စပ်သူ အသက် ၁၁ နှစ်အရွယ်အမျိုးသမီးမှ nld ပါတီ အမှတ်အသားပါတဲ့ နဖူးစည်းကို ကိုင်ဆောင်ထားပြီး ဝန်းရံဖို့ ပြင်ဆင်နေပါတယ်။

အဆိုပါ မြေးဖြစ်သူကို အဖွားဖြစ်သူမှ နေမကောင်းသဖြင့် ဝန်းရံပွဲကို လိုက်မသွားဖို့ တားနေစဉ် တားမရတာကြောင့် မဖွယ်မရာပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“သူတို့လှည့်ဖို့လုပ်နေကြတာ၊ ကလေးဆိုတော့ သူလည်း လှည့်ချင်တာပေါ့၊ သူက အဲဒီနဖူးစည်းကို တောင်းပြီး လှည့်ဖို့လုပ်တယ်ပေါ့၊ သူ့အဖွားကလည်း ကျန်းမာရေးကလည်း မကောင်းတဲ့အခါကျတော့ တုံတုံချိချိနဲ့ ဒီရောဂါကြောင့် စိတ်ညစ်နေရတာတစ်ကြောင်း၊ သူ့မိသားစုအကြွေးကိစ္စနဲ့ စိတ်ညစ်နေရတာတစ်ကြောင်း၊ သူ့မြေးက အသက် ၁၁ နှစ်ပဲရှိသေးတယ်၊ တောင်းလှည့်တဲ့အခါကျတော့ နင်ကလည်းကွယ် ငါ့ကို စိတ်ဆင်းရဲအောင်၊ စိတ်ညစ်အောင် လုပ်တယ်၊ အဲဒီနဖူးစည်းအနီလေးကို “ရော့ နင်ဖင်ထဲ ထိုးထည့်လိုက်ရော့” ပြောလိုက်ပါတယ်။” ဟု ဒေါ်ညွန်စိန်(ခေါ်)ဒေါ်မဲစိန်၏ ညီမတော်စပ်သူ ဒေါ်ငွေသိန်းက ပြောသည်။

ပါတီတံဆိပ်ပါတဲ့ နဖူးစည်းကို မဖွယ်မရာ ပြောဆိုခဲ့တာကြောင့် ပါတီရဲ့ ရပ်ကျေးအလုပ်အမှုဆောင်ဖြစ်တဲ့ ဦးရဲထွန်းက ဒဏ်ငွေကျပ် (၁၀) သိန်း ပေးဆောင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဒီဟာက အမစိတ်ထဲဘာထင်လဲ၊ အမကို ထောင်ချလို့ရတယ်၊ တို့အမက ရောဂါသည်ဆိုတော့ ထောင်ချမယ်ပြောတော့ ကြောက်တာပေါ့၊ အဲဒီမှာပဲ တို့အမ ပြောတဲ့ဟာကို လူတစ်ယောက်ကို ရေးခိုင်းတယ်၊ ရေးပြီးတော့ လက်မှတ်ထိုးခိုင်းတယ်၊ တို့အမက ကြောက်ကြောက်နဲ့ လက်မှတ်ထိုးလိုက်တယ်၊ အဲဒါပြီးတာနဲ့ ပြန်သွားတယ်၊ နောက်နေ့ကျတော့ ရုံးခေါ်ပြီး ငွေ(၁၀)သိန်းတောင်းတယ်၊ သူ့ပါးစပ်ကပြောတယ်၊ ပိုက်ဆံက တစ်ရစ်ထဲ မပေးနိုင်ရင် နှစ်ရစ်ပေးရတယ်တဲ့၊ သူလဲ ထုတ်ပြောတယ်တဲ့ စောက်အမြင်ကတ်တဲ့ ပုဒ်မနဲ့တဲ့ ဒီပိုက်ဆံ (၆)သိန်း သူတို့ကို ပေးရတယ်ဆိုပြီး ရွာထဲမှာ လျှောက်မဖွပါနဲ့ ပွစိပွစိနဲ့ ရွာထဲမှာ လျှောက်မလုပ်ပါနဲ့ နောက်ထပ်တစ်မှု ထပ်တိုးသွားမယ်”လို့ ဒေါ်ငွေသိန်းက ဆိုပါတယ်။

အခုလို ငွေကြေးတောင်းခံမှုနဲ့ ပတ်သက်ပြီး NLD သထုံမြို့နယ်(ဥက္ကဌ) ဒေါ်မာမာခိုင်အား ဆက်သွယ်မေးမြန်းရာမှာတော့ ဖြစ်စဉ်အသေးစိတ်ကို သေချာမသိသေးတာကြောင့် စိစစ်သွားမယ်လို့ ဆိုပါတယ်။

“အဲလိုမျိုးမဖွယ်မရာလုပ်တာတော့ မှန်တယ်၊ သက်သေတွေ ယူထားတာ ရှိတဲ့အခါကျတော့၊ ဒါပေမယ့် ပိုက်ဆံကိစ္စနဲ့ ပတ်သက်တာကျတော့ လွဲနေတော့ အခင်းဖြစ်တဲ့နေ့က ဒဲ့ရှိနေတဲ့သူနဲ့ နှစ်ဖက်ကို အန်တီတို့ မမေးရသေးဘူး၊ သတင်းမှန်ကို အန်တီပြောလို့ အတည်ပြုလို့မရသေးဘူးပေါ့၊ အဲဒီမှာ အန်တီတို့က နှစ်ပိုင်းစဉ်းစားရမှာပေါ့၊ ငွေရေးကြေးရေးအရဆိုရင် အန်တီတို့က ဘယ်သူ့ကိုမှ ကောက်ခံမပေးဘူး၊ တောင်းခံလို့လည်း မရဘူး၊ ဘာကြောင့် ငွေရေးကြေးရေးပြဿနာဖြစ်လာရတယ်ဆိုတာ စဉ်းစားရမှာပေါ့၊ ပြောရရင် နိုင်ငံရေးပါတီတစ်ခုရဲ့ အထိမ်းအမှတ်ပစ္စည်းတစ်ခုကို မဖွယ်မရာလုပ်ရင်ဆိုရင်တော့ သူ့ဟာနဲ့သူတော့ ပြစ်ဒဏ်ရှိမှာလေ၊ အဲလိုဖြစ်မှာဆိုးလို့ပဲ ပြောတာလား၊ ဒါမဟုတ် ဒီဘက်ကပဲ မလျော်ဩဇာသုံးပြီး ငွေကြေးတောင်းခံတာလားပေါ့၊ အဲဒါလေးတော့ စိစစ်ရမှာပေါ့”လို့ ပြောပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.