မော်လမြိုင် ၊ စက်တင်ဘာ (၈)

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို စက်တင်ဘာလ (၈)ရက်နေ့မှာ စတင်နေပြီး ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလကို စက်တင်ဘာ ၈ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ် ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်ရဲ့ လွှတ်တော်မဲဆန္ဒနယ်မှာ အားလုံးမှာ ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ စက်တင်ဘာ ၈ ရက်နေ့မှာ မဲဆွယ်စည်းရုံးမှုကို လူမှုအကျိုးပြုလုပ်ငန်းတွေနဲ့ စတင်နေပြီးလို့ မွန်ပြည်နယ်မှ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦးက ပြောပါတယ်။

“ဒီနေ့ကတော့ ကျွန်တော်တို့ မဲဆန္ဒရှင်တွေဆီတော့ မသွားသေးဘူးခင်ဗျ၊ ဒီနေ့ကတော့ ရပ်ကွက်အလိုက် ကျေးရွာအလိုက်ကို ကျွန်တော်တို့ ပါတီဝင်အင်အားတွေ စုပြီးတော့ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ပါဆိုပြီး အဲဒါနဲ့ စပါတယ်” လို့ ဆိုပါတယ်။

အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ NLD ပါတီကလည်း စက်တင်ဘာ ၈ ရက်နေ့မှာ mask ကမ်ပိန်းနဲ့ စတေကာ ကမ်ပိန်းတွေကို ပြုလုပ်ပြီး မဲဆွယ်စည်းရုံးရေးကို စတင်နေပြီး ဖြစ်ပါတယ်။

အခြား ပါတီအများစုကတော့ မဲဆွယ်စည်းရုံးရေး မစနိုင်သေးတဲ့အနေအထားမှာရှိနေပါတယ်။

မွန်ပြည်နယ်ရဲ့ ဒေသခံ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီကတော့ မဲဆွယ်စည်းရုံးရေးကို ဒီရက်ပိုင်းတွေမှာ မစနိုင်သေးဘူးလို့ ပြောပါတယ်။

“လောလောဆယ် ဘယ်နေ့ ဘယ်ရက်စမလဲဆိုတာက ကျွန်တော်တို့က မသတ်မှတ်ရသေးဘူး မသတ်မှတ်ရသေးတဲ့အကြောင်းအရင်းကလည်း ခုန ကျွန်တော်ပြောသလိုပေါ့ မနေ့တနေ့ကမှ လမ်းညွှန်ချက်တွေက ထွက်လာတဲ့အခါကျတော့ ဒီရက်အတွင်းမှာတော့ လုပ်ငန်းအစီအစဉ်တွေကို ချမှတ်သွားရမယ့်အနေအထားပါ” လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောပါတယ်။

ကိုဗစ်ကူးစက်ရောဂါဆိုင်ရာ အကန့်အသတ်မှုအောက်မှာ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ပါတီတွေ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေက မဲဆွယ်စည်းရုံးရေးကို လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုပြီးတော့ အဓိကထား လုပ်ဆောင်သွားဖို့ စီစဉ်ထားတာတွေလည်း ရှိနေပါတယ်။

“ကျွန်တော်က မဲဆွယ်စည်းရုံးတဲ့အပိုင်းကို တသီးပုဂ္ဂလဖြစ်တဲ့အတွက် အခြားပါတီတွေလို အင်နဲ့အားနဲ့ လုပ်ဖို့အစီအစဉ်မရှိပါဘူး ကျွန်တော် အဓိကလုပ်မှာက social media ပေါ်မှာ ကျွန်တော့်ရဲ့ မဲဆွယ်စည်းရုံးမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ စဉ်းစားထားတယ်” လို့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကိုတော့  မွန်ပြည်နယ်မှာ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း အပါအဝင် နိုင်ငံရေးပါတီ ၁၇ ခုက ကိုယ်စားလှယ်လောင်း ၃၀၂ ဦး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.