ရေးမြို့နယ် ၊ ကုလားကုတ်ကျွန်း

ရေး ၊ စက်တင်ဘာ (၅)

ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းက ရွှေ့ပြောင်းရေလုပ်သားတွေမဲပေးနိုင်ရေးအတွက် ကျွန်းနေ ရေလုပ်ငန်းရှင်တွေက ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

လမိုင်းမြို့ကနေ ရေလမ်းနဲ့ (၂) နာရီနီးပါး သွားရတဲ့ ကုလားကုတ်ကျွန်းမှာတော့ ရွှေ့ပြောင်းရေလုပ်သားတွေ အပါအဝင် မဲပေးပိုင်ခွင့်ရှိသူ ၄၀၀၀ ကျော်ရှိနေတာပါ။

ဒီဒေသမှာ လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းရေလုပ်သား (၅၀၀) ကျော် မဲပေးခွင့်ရအောင် လုပ်ငန်းရှင်တွေက ကူညီပေးမှာဖြစ်ပြီး လက်ရှိမှာတော့ မဲစာရင်းထဲပါဝင်အောင် စာရင်းကောက်ယူထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

” လုပ်ငန်းရှင်တွေအနေနဲ့တော့ မဲပေးခွင့်ရတဲ့ရေလုပ်သားတွေမဲပေးဖို့အတွက် ကူညီပေးဖို့ရှိပါတယ်၊ ခုလောလောဆယ်တော့ တလောက လေပြင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေ အတွက်နဲ့တော့ရှုပ်နေကြတယ်၊ ရွေးကောက်ပွဲအတွက် ဆိုရင်တော့ မဲပေးရဖို့ ကူညီပေးမှာပါ ” လို့ ကုလားကုတ်ရေလုပ်ငန်းရှင် ဦးမိုးက ပြောပါတယ်။

ကိုဗစ်ကာလ ဆန္ဒမဲပေးရာမှာတော့ ကော်မရှင်ကနောက်ဆုံးထုတ်ပြန်ထားတဲ့ လူဦးရေတစ်ထောင်ကျော်ကို အဆိုင်းခွဲမယ့်စနစ်နဲ့ ဆောင်ရွက်ဖို့အတွက် မဲရုံအခက်အခဲတွေ ရှိတယ်လို့ ကော်မရှင်အဖွဲ့ခွဲက ဆိုပါတယ်။

“ကမ်းနီးလည်းဖြစ်တော့ အားလုံးမဲပေးခွင့်ရအောင်ဆောင်ရွက်ပေးမယ်၊ မဲစာရင်းမှာပါအောင်အကုန်ထည့်ထားတယ်၊ ကျန်နေတာတွေကိုလည်း ပုံစံ(၃)နဲ့ထပ်ကောက်ပြီးလည်း ထပ်ထည့်ထားတယ်၊ မဲပေးဖို့လုပ်ငန်းရှင်တွေကို စည်းရုံး‌ပေးထားတယ်၊ သဘောတူကြတယ်”လို့ ကုလားကုတ်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ဥက္ကဌ ဦးလှမြင့်က ပြောပါတယ်။

လူဦးရေ (၆၀၀၀) နီးပါးနေထိုင်တဲ့ ကုလားကုတ်ကျွန်းမှာ အပေါ်ဆိပ်၊ အောက်ဆိပ်နဲ့ အလယ်ဆိပ်ဆိုတဲ့ ကျေးရွာ (၃)ရွာရှိပြီး မဲရုံ (၃)ရုံထားရှိသွားမယ်လို့ ဆိုပါတယ်။

ကုလားကုတ်ကျွန်းမှာတော့ မွန်လူမျိုးအများစုနေထိုင်ကြပြီး ပင်လယ်ရေလုပ်ငန်းနဲ့ အများစုအသက်မွေးကြကာ ဗမာ၊ ကရင်နဲ့ ရွေ့ပြောင်းလုပ်သားအနည်းစုနေထိုင်ကြတယ်လို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသောင်းစိန်က ဆိုပါတယ်။

အဲဒီကျွန်းအတွင်း ကျင်းပပြီးစီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိထားခဲ့ပါတယ်။

သတင်းနှင့် ဓါတ်ပုံ – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.