မော်လမြိုင် ၊ စက်တင်ဘာ (၂)

၂၀၂၀ အထွေထွေရွေးကောက်အတွက် သောင်းနဲ့ချီတဲ့ မသန်စွမ်းတွေ မဲပေးပိုင်ခွင့် ဆုံးရှုံးနေတယ်လို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဌ စောအောင်သိမ်းတင်က ပြောပါတယ်။

မွန်ပြည်နယ် မသန်စွမ်းသူများအသင်းက ကောက်ခံရရှိထားတဲ့စာရင်းတွေအရ မွန်ပြည်နယ်အတွင်းမှာ အသက် ၁၈ နှစ်နဲ့အထက် မဲပေးပိုင်ခွင့်ရှိတဲ့ မသန်စွမ်း အနည်းဆုံး နှစ်သောင်းလောက် ရှိနေပေမယ့် ပထမအကြိမ် ကပ်ထားကြေညာတဲ့ မဲစာရင်းမှာတော့ မသန်စွမ်းမဲစာရင်းဟာ (၄၀၀၀) ကျော်ပဲ ပါရှိတယ်လို့ ဆိုပါတယ်။

ငွေကြေးအခက်အခဲကြောင့် မှတ်ပုံတင်မရှိသူတွေအပြင် အချို့မသန်စွမ်းတွေဟာ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် မရရှိတာတွေကြောင့် မဲပေးခွင့်ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။

“ဥပမာပြရရင် ရပ်ကွက်တစ်ခုမှာ မသန်စွမ်း ၉၈ ယောက်ရှိတယ် မဲပေးခွင့်ရှိတာ ၈၃ ယောက်ရှိတယ် ဆိုတော့ မသန်စွမ်းတွေ ၈၀ ရာခိုင်နှုန်းကျော်လောက် ပဲပေးခွင့်ရှိနေတယ် အဲဒီမှာ ချန်ထားခဲ့တာက ခုနပြောသလို မှတ်ပုံတင်မလုပ်ပေးတာတို့ မဲစာရင်းပြင်ဆင်မလုပ်ပေးတာတွေပေါ့” လို့ စောအောင်သိမ်းတင်က ပြောပါတယ်။

ဒါ့အပြင် မဲပေးပိုင်ခွင့်ရှိတဲ့ မသန်စွမ်းတွေ မဲရုံကို လွယ်ကူချောမွေ့စွာ သွားနိုင်အောင် မစီစဉ်ပေးထားတဲ့အတွက် မဲပေးပိုင်ခွင့်ရှိပါလျက်နဲ့ မဲမပေးနိုင်တဲ့ မသန်စွမ်းတွေလည်း အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။

“သက်ဆိုင်ရာကလည်း ကျွန်တော်တို့ကို အကြောင်းမကြားတော့ မဲစာရင်း သွားမကြည့်ဖြစ်ဘူး ။ အနာကြီးရောဂါသည်ဆိုတော့ သွားဖို့က အခက်အခဲရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ မဲထည့်ချင်တဲ့ ဆန္ဒရှိတယ် မဲထည့်ချင်တယ် ဒါပေမယ့် ရောဂါသည်ဖြစ်တော့ သွားဖို့လာဖို့က အခက်အခဲရှိတယ်”လို့ မသန်စွမ်းတစ်ဦးဖြစ်သူ ဦးအေးချိုက ပြောပါတယ်။

မွန်ပြည်နယ်မှာ မသန်စွမ်းမဲရုံ သီးသန့်မရှိပေမယ့် မဲရုံတွေမှာ မသန်စွမ်းတွေ မဲပေးဖို့ အဆင်ပြေအောင် စီစဉ်ထားတယ်လို့ ကော်မရှင်က ပြောပါတယ်။

“မသန်စွမ်းမဲဆန္ဒရှင်တွေ မဲလာပေးရင် ဘယ်လိုကူညီဆောင်ရွက်ပေးရမလဲ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေရဲ့ သင်တန်းတွေမှာလဲ မသန်စွမ်းမဲဆန္ဒရှင်တွေ လာရောက်မဲထည့်တဲ့အခါမှာ မဲရုံမှူးတွေ မဲရုံအဖွဲ့ဝင်တွေက ဝိုင်းကူညီပေးရမယ်ဆိုတာ မဲရုံမှူး သင်တန်းတွေမှာ တစ်ခါတည်း ထည့်ပြီးသား နည်းဥပဒေမှာရော လုပ်ငန်းလမ်းညွှန်မှာရော အဲဒါပါပါတယ်” လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

ဆန္ဒမဲပေးရာမှာလည်း မဲရုံကို လာနိုင်တဲ့ မသန်စွမ်းတွေက လာရောက်မဲပေးနိုင်သလို မဲရုံမလာနိုင်တဲ့ မသန်စွမ်းတွေကိုလည်း ကြိုတင်မဲပေးနိုင်အောင် ရပ်/ကျေးကော်မရှင်ကနေ အိမ်တိုင်ရာရောက် စာရင်းကောက်ယူသွားမယ်လို့လည်း ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ အမြင်အာရုံမသန်စွမ်းသူ အများဆုံးဖြစ်ပြီးတော့ ဒုတိယအများဆုံးကတော့ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ တတိယအများဆုံးကတော့ အကြားအာရုံမသန်စွမ်းသူတွေ ဖြစ်တယ်လို့ မသန်စွမ်းသူများ အသင်းရဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.