ရေး ၊ ဩဂုတ် (၃၁)
ကိုဗစ်ကာလအတွင်း ရေးမြို့နယ်မှာ Mask ဈေးနှုန်းမှန်မှန်ကန်ကန်နဲ့ ပြည်သူတွေဝယ်ယူရရှိနိုင်ဖို့ ရေးမြို့နယ် အရပ်ဘက် ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ ထောက်ပံ့ကူညီရေးအဖွဲ့က ဆောင်ရွက်ပေးနေပါတယ်။
မော်လမြိုင်မြို့မှာ ရောဂါပိုးတွေ့ရှိသူတစ်ဦးထွက်ပေါ်လာပြီးတဲ့နောက် Mask တပ်ဆင်မှုတွေပြန်လည်များလာနဲ့အမျှ ဝယ်လိုအားကြောင့် ဈေးနှုန်းတက်လာမှုနဲ့ ပစ္စည်းရှားပါးမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။
” ဈေးတင်မရောင်းရအောင် ဈေးမှန်မှန်နဲ့ရအောင်လုပ်ဖို့ ဖိအားပေးဖို့ စီစဉ်ထားပြီးပြီ၊ တိုက်ရိုက်မှာလို့ရတဲ့နေရာကိုလည်း ချိတ်ဆက်တယ်၊ အဓိကကတော့ ပြည်သူတွေဈေးနှုန်းမှန်ကန်စွာနဲ့ရနိုင်ဖို့ လုပ်တာပါ၊ ပြည်သူတွေလိုသလောက်ဝယ်ယူနိုင်မှာပါ၊ တကယ်ဖြစ်လာရင် ရှေ့တန်းတိုက်စစ်မှူးတွေ၊ ပရဟိတအဖွဲ့တွေအဆင်ပြေအောင်သုံးဖို့ကိုလည်း ပြင်ဆင်ထားတယ်၊ လိုအပ်သလို ကူညီဖို့ သတင်းတွေကိုပဲ အဆက်မပြတ်နားစွင့်နေပါတယ် ” လို့ ရေးမြို့နယ်ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ ထောက်ပံ့ကူညီရေးအဖွဲ့မှ ကိုအောင်ကိုကိုဦးက ပြောပါတယ်။
ရေးမြို့နယ်ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ ထောက်ပံ့ကူညီရေးအဖွဲ့နဲ့ ကိုဗစ်ကာလအတွင်း ရောဂါကာကွယ်ရေးလုပ်ငန်းများအနေနဲ့ Mask တွေအပါအဝင် ပိုးသတ်ဆေးပုံးများ၊ PPE ဝတ်စုံတွေကို ဒေသခံပြည်သူတွေနဲ့ အဖွဲ့အစည်းတွေအတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနဲ့ သက်ဆိုင်ရာအထက်တာဝန်ရှိသူတွေအနေနဲ့ ညွန်ကြားချက်တွေကို အချိန်နဲ့တပြေးညီလုပ်နေတာမတွေ့ရလို့ အားမလိုအားမရဖြစ်ကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ တိုက်တွန်းကူညီမှုသာလုပ်နိုင်ကြောင်းနဲ့ အရပ်ဘက်အဖွဲ့အနေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါကြောင်း သူက ဆက်လက်ပြောပါတယ်။
ရခိုင်ပြည်နယ်က ပြန်လာသူတွေကို ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် သတင်းထောက်လှမ်းပြီး စိစစ်လျက်ရှိကြောင်း၊ အချိန်နဲ့တပြေးညီသတင်းပို့ဖိုနဲ့ သတိပေးမှုတွေကိုလည်း ရပ်ကျေးရုံးတွေကတဆင့် ဆော်ဩပေးနေကြောင်း၊ရခိုင်ပြည်နယ်ကပြန်လာသူနဲ့ ပိုးရှိသူနဲ့ထိတွေ့ခဲ့သူ ၁၀ ဦးကို ဓါတ်ခွဲနမူနာပေးပို့ထားပြီး ပထမအကြိမ်စစ်ဆေးချက်အရ ရောဂါပိုးမတွေ့ရပါကြောင်း ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ပြောပါတယ်။
” Mask တွေကို ဈေးတွေမှာတော့ အရင်ကထက်စာရင် အနည်းငယ်လောက်ပဲ တတ်လာကြတဲ့အနေအထားပါ၊ မော်လမြိုင်မှာဖြစ်ပြီးနောက်နေ့ပစ္စည်းအနည်းငယ်ပြတ်သွားပေမယ့် ခုမှာလို့တော့ရနေသေးသလို ဒိုင်တစ်ခုနဲ့တစ်ခုကလည်း ဈေးတွေကွာဟချက် ရှိနေတုန်းပါ၊ လူတွေက Mask တပ်ဖို့ ပေါ့ဆနေတုန်းပါ” လို့ မြသီတာဈေးမှ ဈေးရောင်းချသူတစ်ဦးက ဆိုပါတယ်။
ရေးမြို့နယ်၊ လမိုင်းမြို့အဝင်အထွက်ဂိတ်တွင်လည်း မြို့အတွင်း ကူးစက်ရောဂါပြန့်ပွားမှုမရှိစေဖို့ ခုလ ၂၇ ရက်နေ့ကစပြီး ခရီးသွားမှတ်တမ်းရယူခြင်း၊ အပူချိန်တိုင်းတာစစ်ဆေးခြင်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း-ရဲနိုင်