မော်လမြိုင် ၊ ဩဂုတ် (၁၉)

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း (၃၀၃) ဦးမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း (၆၇) ဦး ပါဝင်တယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။

မွန်ပြည်နယ်အတွင်း နိုင်ငံရေးပါတီ (၁၇) ခုက ကိုယ်စားလှယ်လောင်း (၂၉၁) ဦးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၁၂)ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၀၃ ဦးဝင်ပြိုင်သွားမှာ ဖြစ်ပါတယ်။

“ကိုယ်စားလှယ်လောင်း ၃၀၃ ဦးမှာ မ (အမျိုးသမီးကိုယ်စားလှယ်လောင်း) က ၆၇ ဦး ပါဝင် ပါတယ်။ ကိုယ်စားလှယ်လောင်းတွေကိုတော့ စိစစ်ပြီးပြီး ။ ကန့်ကွက်ခံရသူ တစ်ဦးမှ မရှိဘူး” လို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

အမျိုးသမီးကိုယ်စားလှယ်လောင်း ၆၇ ဦးဟာ မွန်ပြည်နယ်ရဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာ မဲဆန္ဒနယ် ၄၅ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေနဲ့ ယှဉ်ကြည့်ရင် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှုဟာ တိုးတက်ခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်မှာ နိုင်ငံရေးပါတီ(၁၈)ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၇၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းကတော့ ၅၂ ဦး ပါဝင်ခဲ့ပါတယ်။

မွန်ပြည်နယ်မဲဆန္ဒနယ်မှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကတော့ ပြည်သူ့လွှတ်တော်အတွက် ၆၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၇၈ ဦး၊ ပြည်နယ်လွှတ်တော်အတွက် ၁၃၇ ဦးနှင့် ဗမာတိုင်းရင်းသားရေးရာနေရာအတွက် ၇ ဦး၊ ကရင်တိုင်းရင်းသားရေးရာအတွက် ၈ ဦး၊ ပအိုဝ်းတိုင်းရင်းသားရေးရာနေရာအတွက် ၈ ဦး ဖြစ်တယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.