ရေး ၊ ဩဂုတ် (၁၄)

ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ ပြည်ပဈေးကွက်အဝယ်မရှိတာကြောင့် ဈေးနှုန်းထက်ဝက် ကျော်ကျဆင်းခဲ့လို့ ကျောက်ပုဇွန်မွေးမြူးရေးလုပ်ငန်း ဆက်လက်လုပ်ကိုင်ဖို့ လုပ်ငန်းရှင်တွေ အခက်တွေ့နေပါတယ်။

ကိုဗစ်-၁၉ ကြောင့် ပြည်တွင်းဈေးကွက်မှာသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျောက်ပုဇွန် တစ်ကီလိုကို ၁၈၀၀၀ ကျပ်ခန့်သာဈေးရခဲ့ပြီး ပြည်ပအဝယ်ရှိစဉ်က တစ်ကီလို ၃၉၀၀၀ ကျပ်အထိ စျေးရရှိခဲ့တာပါ။

” နောက်လဆို ရာသီပြန်စပြီဆိုပေမယ့် ဈေးကွက်အနေအထားကမကောင်းဘူးဆိုရင် ပြန်လုပ်ဖို့အနေအထားမရှိသေးဘူး၊ ကိုဗစ်ကတည်းက ဈေးတွေက ထက်ဝက်ကျော်ထိကျခဲ့တယ်၊ ပြီးတော့ ငါးဖမ်းရာသီပိတ်ချိန်နဲ့ဆုံတယ်၊ ခုရာသီပြန်ဖွင့်လဲ ဈေးကမရဘူးဆိုတော့ မကိုက်တော့ဘူး ” လို့ ကျောက်ပုဇွန်လုပ်ငန်းလုပ်ကိုင်သူ ရေးမြို့နယ်၊ အံဒင်ကျေးရွာနေ ဦးမင်းဇော်က ပြောပါတယ်။

ကျောက်ပုဇွန်တွေကို ပင်လယ်မှဖမ်းဆီးကာ မွေးမြူရေးကန်တွေမှာ အားကောင်းအောင် ပြန်လည်မွေးမြူရတာဖြစ်ပြီး ယင်းမှတဆင့် အောက်ဆီဂျင်အအေးချကာ အရှင်အတိုင်း ရန်ကုန်ဈေးကွက်ကို တင်ပို့ရတာပါ။

ထိုမှတဆင့် တရုတ်နဲ့ အာရှနိုင်ငံတွေကို တင်ပို့ကြပေမယ့် ကိုဗစ်ကြောင့် ပြည်ပအဝယ်မရှိတာမို့ နိုင်ငံတော်အနေနဲ့ နည်းလမ်းရှာဖွေပေးသင့်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

” လုပ်ငန်းရှင်တွေအခက်အခဲကို နိုင်ငံတော်က နည်းလမ်းရှာပေးသင့်တယ်၊ ချေးငွေအတွက် လျှောက်ထားလိုပေမယ့် လိုအပ်တဲ့အတိုင်းမရဘူး၊ အမှန်တကယ်မြေပြင်ရဲ့အခက်အခဲတွေကို စစ်ဆေးပြီးတော့ အမှန်တကယ်လိုအပ်နေသူတွေကို ပြန်လည်ရပ်တည်နိုင်အောင် ချေးငွေတွေချပေးစေချင်တာပါ ” လို့ ကျောက်ပုဇွန်လုပ်ငန်းလုပ်ကိုင်သူ ဦးမင်းဇော်က ဆိုပါတယ်။

မွေးမြူရေးလုပ်ငန်းရှင်တွေကို ငါးပေးမယ့်အစီအစဉ်ရှိပမယ့် ချေးငွေအနေနဲ့ကတော့ စက်မှုကြီးကြပ်ကိုတင်ဖို့လိုကြောင်း ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

ကျောက်ပုဇွန်လုပ်ငန်းကို ရေးမြို့နယ်အတွင်း ကော့ဒွတ်၊ နှစ်ကရုတ်၊ အံဒင်ရွာသစ်၊ အစင်ဓမင်းဆိပ်၊ ဇီးဖြူသောင်၊ ကဗျာဝနဲ့ တရုတ်ထောက်ကျေးရွာတို့မှာ အဓိကလုပ်ကိုင်ကြပြီး အထိအမိများတဲ့အချိန်ဆိုပါက တစ်ရက်လျှင် တစ်မြို့နယ်လုံးအတိုင်းအတာအနေနဲ့ ကီလိုတစ်ထောင်လောက် ထွက်ရှိပါတယ်။

သတင်း/ဓါတ်ပုံ – ရဲနိုင်

Top of Form

Bottom of Form

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.