မော်လမြိုင် ၊ ဩဂုတ် (၁၂)

ပြည်သူ့ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ကျိုက်မရောနဲ့ သထုံမြို့နယ်တွေမှာ ယှဉ်ပြိုင်သွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။

ပြည်သူ့ပါတီဟာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မြို့နယ် ၇၀ ကျော်မှာ ကိုယ်စားလှယ်ဦးရေ ၁၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ သထုံမြို့နယ်မှာ ပြည်နယ်လွှတ်တော် (၁) နဲ့ (၂) နေရာ၊ ကျိုက်မရောမြို့နယ်မှာ ပြည်နယ် (၁) နေရာနဲ့ ပြည်သူ့လွှတ်တော် တစ်နေရာ စုစုပေါင်း ၄ နေရာတို့မှာ ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။

ပါတီအနေနဲ့ အတွေ့အကြုံရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ထားတာကြောင့် ယုံကြည့်မှု အပြည့်အဝရှိတယ်လို့ ပြည်သူ့ပါတီမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးသက်ဇော်ကပြောပါတယ်။

” မွန်မှာ ကိုယ်စားပြုယှဉ်ပြိုင်ကြမယ့် ၄ ယောက်လုံးကို အပြည့်အဝယုံကြည်တယ်၊ မွန်လွှတ်တော်အတွက် အသက်ဝင်တဲ့ ကြောင်းကျိုးဆီလျော်တဲ့ အားထားရတဲ့သူတွေ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကလည်း တကယ်ကိုအတွေ့အကြုံရှိတဲ့ ကိုယ်စားလှယ်လောင်း ကိုရထားတဲ့အတွက် ပြည်သူတွေရွေးချယ်လိမ့်မယ်လို့ ယုံကြည်ပါတယ် ” လို့ ဦးသက်ဇော်က ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့၂၀၂၀ အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့ တစ်သီးပုဂ္ဂလအပါအဝင် ပါတီ(၁၃)ခုက ကိုယ်စားလှယ်လောင်း (၃၀၃) ဦး အမည်စာရင်း တင်သွင်းထားပါတယ်။

စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေကတော့ ပြည်သူ့လွှတ်တော်အတွက် (၆၅) ဦး ၊ အမျိုးသားလွှတ်တော်အတွက် (၇၈) ဦး၊ ပြည်နယ်လွှတ်တော်အတွက် (၁၃၇) ဦးနဲ့ ဗမာတိုင်းရင်းသားရေးရာအတွက် (၇) ဦး ၊  ကရင်တိုင်းရင်းသားရေးရာအတွက် (၈) ဦး နဲ့ ပအိုစ်းတိုင်းရင်းသားရေးရာအတွက် (၈) ဦး စုစုပေါင်း (၃၀၃) ဦး ဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်းမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၁၀) နေရာ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၂) နေရာ ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၂၀) နေရာနဲ့ ဗမာ ၊ ကရင် ၊ ပအိုစ်း တိုင်းရင်းသားရေးရာကိုယ်စားလှယ် (၃)နေရာ စုစုပေါင်း (၄၅) နေရာအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

သတင်း – ရဲနိုင်

ဓါတ်ပုံ – ပြည်သူ့ပါတီ facebook page

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.