မော်လမြိုင်၊သြဂုတ်(၁၁ )

ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်းက  မဲဆန္ဒနယ်အားလုံးကို  ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ မွန်ပြည်နယ်တာဝန်ခံဖြစ်သူ ဒေါ်ရီရီချိုက ပြောပါတယ်။

ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာတော့ အလွှာပေါင်းစုံက ပညာရှင်တွေ၊ စီးပွားရေးတတ်သိ နားလည်သူတွေကို ရွေးချယ်ထားပြီး မွန်ပြည်နယ်မှာယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၈၀ ရာခိုင်နှုန်းက လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ပါတီက တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေရော၊ကျန်တဲ့ လွှတ်တော် ၃ ရပ်ရော၊မွန်ပြည်နယ်က ၄၅ နေရာအကုန်လုံးယှဉ်ပြိုင်သွားပါမယ် ၊ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ ထုတ်ပြန်ပြီးဖြစ်သလို ရွေးကောက်ပွဲကော်မရှင်မှာလည်း တင်ထားပြီးပါပြီ” လို့ ဒေါ်ရီရီချိုက ပြောပါတယ်။

UDP ပါတီဟာ ၂၀၀၈ ခုနှစ် စက်တင်ဘာလကတည်းက စတင်သန္ဓေတည်ခဲ့တာဖြစ်လို့ မွန်ပြည်နယ်အတွင်းမှာ ပါတီဝင်တစ်သိန်းကျော်ရှိပြီးလို့ မော်လမြိုင်မြို့ အမျိုးသားလွှတ်တော် နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုထွန်းလင်းလင်းကပြောပါတယ်။

“ကျွန်တော်တို့ပါတီက အခြေခံလူတန်းစားတွေကိုကိုယ်စားပြုတဲ့အတွက် ပါတီဝင်တွေက သူတို့တွေများတယ်။မြန်မာပြည်မှာ ၇၀ ရာခိုင်နှုန်းကလည်း အခြေခံလူတန်းစားတွေပဲလေ”လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းမှာလည်း UDP ပါတီက ပါတီရည်မှန်းချက် (၁၂) ချက်ပါဝင်တဲ့ လက်ကမ်းစာစောင်တွေကို အိမ်တိုင်ရာရောက် ဝေငှတာကို ဆောင်ရွက်ခဲ့ပါတယ်။

ပါတီရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး မော်လမြိုင်မြို့ အုတ်ဖိုရပ်ကွက်နေ ဒေါ်ဖြူဖြူဝင်းက “ ကျွန်မတို့အိမ်ကို နှင်းဆီပါတီက ဆိုပြီး စာရွက်လာပေးတယ်၊စာရွက်ထဲမှာ (၅)နှစ်အတွင်း စင်ကာပူနိုင်ငံထက် သာအောင်လုပ်ပေးမယ်လို့ပါတယ်။ အဲဒါကိုတော့စိတ်မဝင်စားဘူး ၊လူတိုင်းတစ်ရက် တစ်သောင်းရအောင်လုပ်ပေးမယ်ဆိုတာကိုတော့ သဘောကျတယ်”လို့ ဆိုပါတယ်။

ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) ဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပဋိပက္ခ ဒေသတွေက မြို့နယ် ၁၃ မြို့နယ်မှလွဲရင် ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းယှဉ်ပြိုင်မယ့် ပါတီတွေမှာတော့ NLD ပါတီ ၊ USDP ပါတီ နဲ့ UDP ပါတီတို့ကတော့ မဲဆန္ဒနယ်အားလုံးကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ- ဆက်နေမင်းအောင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.