မော်လမြိုင် ၊ ဩဂုတ် (၈)
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယှဉ်ပြိုင်ဖို့ မွန်ပြည်နယ်မှာ တစ်သီးပုဂ္ဂလအပါအဝင် ပါတီ(၁၃)ခုက ကိုယ်စားလှယ်လောင်း (၃၀၃) ဦး အမည်စာရင်း တင်သွင်းခဲ့တယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။
မွန်ပြည်နယ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားပါတီတွေအပြင် ပြည်မက ပါတီတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေက အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
သတ်မှတ်ကာလဖြစ်တဲ့ ဇူလိုင်လ (၂၀)ရက်နေ့ကနေ ဩဂုတ်လ (၇)ရက်နေ့အတွင်း ကိုယ်စားလှယ်လောင်း (၃၀၆) ဦး အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး (၃) ဦးကတော့ အမည်စာရင်းကို ပြန်လည် ရုတ်သိမ်းသွားတယ်လို့ ဆိုပါတယ်။
“တစ်သီးပုဂ္ဂလက ၁၂ ဦး ပါဝင်တယ် ကျန်တာတော့ ပါတီ ၁၃ ခုက စာရင်းပေးသွင်းထားတယ် တိုင်းရင်းသား ကိုယ်စားလှယ်လောင်းက ၂၃ ဦး ရှိပါတယ်” လို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။
စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေကတော့ ပြည်သူ့လွှတ်တော်အတွက် (၆၅) ဦး ၊ အမျိုးသားလွှတ်တော်အတွက် (၇၈) ဦး၊ ပြည်နယ်လွှတ်တော်အတွက် (၁၃၇) ဦးနဲ့ ဗမာတိုင်းရင်းသားရေးရာအတွက် (၇) ဦး ၊ ကရင်တိုင်းရင်းသားရေးရာအတွက် (၈) ဦး နဲ့ ပအိုစ်းတိုင်းရင်းသားရေးရာအတွက် (၈) ဦး စုစုပေါင်း (၃၀၃) ဦး ဖြစ်ပါတယ်။
မွန်ပြည်နယ်အတွင်းမှာတော့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၁၀) နေရာ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၂) နေရာ ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၂၀) နေရာနဲ့ ဗမာ ၊ ကရင် ၊ ပအိုစ်း တိုင်းရင်းသားရေးရာကိုယ်စားလှယ် (၃)နေရာ စုစုပေါင်း (၄၅) နေရာအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်းတွေကိုတော့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံမှာ စစ်ဆေးသွားမှာဖြစ်ပြီး လွှတ်တော်အသီးသီးက ကိုယ်စားလှယ်လောင်းတွေကိုတော့ သက်ဆိုင်ရာ ခရိုင်ကော်မရှင်ရုံးတွေမှာ ဩဂုတ်လ (၁၁) ရက်နေ့ကနေ (၁၇)ရက်နေ့အထိ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်မှာ ပါတီ (၁၈)ခုကနေ ကိုယ်စားလှယ်လောင်း (၂၇၉) ဦးကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
သတင်း – နွန်နွန်