မော်လမြိုင် ၊ ဇူလိုင် (၇)

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း မြို့နယ်တွေမှာ NLD ပါတီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူက သုံးသပ်လိုက်ပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ  မွန်၊ ကရင်၊ တနင်္သာရီအပါအဝင် ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ ကိုယ်စားလှယ်လောင်း (၆၇) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဒီလိုယှဉ်ပြိုင်ရာမှာတော့ ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ချောင်းဆုံက အားသာနိုင်ပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်တယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောပါတယ်။

” အဓိကတော့ ကျိုက်ထိုက အားနည်းတယ် ချောင်းဆုံကတော့ အားသာတယ်လို့ ယူဆလို့ရတယ် ကျန်တဲ့မြို့နယ်တိုင်းလိုလိုမှာတော့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် သဘောရှိတယ်” လို့ ဆိုပါတယ်။

NLD ပါတီအနေနဲ့ မွန်ပြည်နယ်အတွင်းက ကိုယ်စားလောင်းအချို့ကို အပြောင်းအလဲ ပြုလုပ်ခဲ့တာကြောင့် မွန်ညီညွတ်ရေးပါတီအနေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်တယ်လို့ မွန်နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးမင်းမင်းနွယ်ကလည်း သုံးသပ်ထားပါတယ်။

“ NLD ဗဟိုက ဒေသခံတွေကြိုက်တဲ့ ဒေသခံတွေ လိုလားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောင်းလဲပေးခဲ့တယ် မုဒုံမှာ တစ်ယောက် ရေးမှာတစ်ယောက် ချိန်းပေးလိုက်တော့ သူတို့ ပိုပြီး အားသာလာတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် USDP ပါတီအနေနဲ့လည်း မွန်ပြည်နယ်အတွင်းမှာ ခိုင်လုံမဲ ရရှိထားတဲ့အတွက် မွန်ညီညွတ်ရေးပါတီနဲ့ NLD ပါတီတို့ ယှဉ်ပြိုင်ရင်း မဲကွဲသွားမယ်ဆိုရင် USDP ပါတီလည်း အသာစီး ရနိုင်တယ်လို့ ဆိုပါတယ်။

ရေးမြို့နယ် ဒေသခံဖြစ်တဲ့ ဦးအောင်ခိုင်ကတော့ “အခြားမြို့နယ်တွေတော့မသိဘူး၊ ကျွန်တော်တို့ရေးမှာတော့ အဓိကပြိုင်ရမှာက မွန်နဲ့ NLD လို့မြင်တယ်၊ ရလဒ်ကြေငြာတဲ့အထိ ရင်ခုန်ရမယ့်အနေအထားပါ၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲလိုတော့ အပြတ်အသတ် မဲကွာတာမရှိနိုင်လောက်တော့ဘူး ” လို့ သုံးသပ်ပါတယ်။

လက်ရှိမှာတော့ မွန်ညီညွတ်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲကြေငြာစာတမ်းကို ပြုစုနေပြီး မကြာခင်ကျင်းပမယ့် CEC အစည်းအဝေးမှာ အတည်ပြုပြီး ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

သတင်း – ရဲနိုင်

ဓါတ်ပုံ – MUP media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.